လျှပ်စစ်ဓာတ်အား အကျပ်အတည်းကြုံနေသည့် တရုတ်သို့ မြောက်ကိုရီးယားက နိုင်ငံတကာ အရေးယူမှုများကိုချိုးဖောက်ပြီး ကျောက်မီးသွေး ရောင်းချနေ

15 October 2021
လျှပ်စစ်ဓာတ်အား အကျပ်အတည်းကြုံနေသည့် တရုတ်သို့ မြောက်ကိုရီးယားက နိုင်ငံတကာ အရေးယူမှုများကိုချိုးဖောက်ပြီး ကျောက်မီးသွေး ရောင်းချနေ

တရုတ်တွင် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကြုံနေစဉ် မြောက်ကိုရီးယားကုမ္ပဏီများသည် နိုင်ငံတကာက ချမှတ်ထားသည့် နျူကလီးယားဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကိုချိုးဖောက်ပြီး တရုတ်သို့ ကျောက်မီးသွေးများ တင်ပို့ ရောင်းချနေသည်။

လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန်၊ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် အတူစွမ်းအင်ထုတ်လုပ်မှု လိုအပ် ချက်ကို ဟန်ချက်ညီရန်ကြိုးစားနေစဉ် ပြည်တွင်းထုတ်လုပ်မှုကျဆင်းခြင်းနှင့် တင်သွင်းမှု လျှော့ချခြင်းကြောင့် တရုတ်တွင် ကျောက်မီးသွေးပြတ်လပ်မှု ဖြစ်ပေါ်နေသည်ဟု Radio Free Asia သတင်းတွင် ဖော်ပြသည်။

သြဇာကြီးသော အစိုးရအဖွဲ့အစည်းများက ပိုင်ဆိုင်သည့် ကုမ္ပဏီများက ကျောက်မီးသွေးများကို မှောင်ခို ပို့နေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုငံ မြောက်ပြုံဂန်ပြည်နယ်မှ ကုန်သွယ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Radio Free Asia က ဖော်ပြခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂက မြောက်ကိုရီးယား၏ ကျောက်မီးသွေးတင်ပို့မှုကို တားမြစ်ခဲ့သဖြင့် မှောင်ခိုရောင်းချနေခြင်းဖြစ်သည်။

တရုတ်သည် လျှပ်စစ်ဓာတ်အားအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး စက်ရုံများအား လည်ပတ်မှု၊ ဓာတ်အားသုံးစွဲမှု လျှော့ချရန်ဖိအားပေးခြင်းကြောင့် ပြည်နယ်အချို့တွင် မီးပြတ်တောက်စေခဲ့သည်ဟုလည်း မီဒီယာသတင်းများက ဖော်ပြခဲ့သည်။

လတ်တလောအကြောင်းအရင်းမှာ တရုတ်ဓာတ်အားထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းအတွက် ကျောက်မီးသွေးကို အလွန်အမင်းမှီခိုနေရဆဲဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

သို့သော် အကျပ်အတည်းဖြစ်ရသည့် အကြောင်းရင်းများတွင် ကပ်ရောဂါ စတင်ချိန်မှစ၍ မူဝါဒ လွဲမှားမှုများနှင့် ချင့်ချိန်မှုအားနည်းသော ဈေးကွက် ဝင်ရောက်စွက်ဖက်မှုများကြောင့်လည်းဖြစ်ကြောင်း Foreign Policy သတင်းတွင် မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly