ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ချောင်ဟန်တန်အား ဖမ်းဆီးခြင်းအပေါ် လူ့အခွင့်အရေးကျွမ်းကျင်သူများ စိုးရိမ်နေ

ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ချောင်ဟန်တန်အား ဖမ်းဆီးခြင်းအပေါ် လူ့အခွင့်အရေးကျွမ်းကျင်သူများ စိုးရိမ်နေ

ဟောင်ကောင်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူနှင့် အမျိုးသမီးလူ့အခွင့်အရေးကာကွယ်သူ ချောင်ဟန်တန်အား အဖျက်အမှောင့်လှုံ့ဆော်မှုနှင့် ပြည်ပကိုယ်စားလှယ်ဖြစ်သည်ဟူသော စွဲချက်များဖြင့် ဖမ်းဆီးမှုအပေါ် လွတ်လပ်သောလူ့အခွင့်အရေးကျွမ်းကျင်သူအဖွဲ့က စိုးရိမ်ကြောင်းအောက်တိုဘာ ၁၂ က ပြောသည်။

လူ့အခွင့်အရေးရှေ့နေသည် ပြီးခဲ့သည့်လက အဖမ်းခံရခြင်းဖြစ်သည်။ သူမသည်တီယင်နန်မင်ရင်ပြင်၌ ၁၉၈၉ ခုနှစ်ဆန္ဒပြပွဲများကို အောက်မေ့သတိရခြင်းအဖြစ် နှစ်စဉ်ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲကို စီစဉ်သည့် ဟောင်ကောင် မဟာမိတ်အဖွဲ့ဝင်ဖြစ်ခဲ့သည်ဟု UN News ကပြောသည်။ သူမကဲ့သို့ပင် အခြားတက်ကြွလှုပ်ရှားသူများစွာသည်လည်း အမျိုးသားလုံခြုံရေးဥပဒေအရ ဖမ်းဆီးတရားစွဲခံခဲ့ရသည်။

အမျိုးသားလုံခြုံရေးဥပဒေကို အသုံးပြုခြင်းမှရှောင်ကြဉ်ရန်နှင့် ၎င်းအားကျင့်သုံးမှုကိုပြန်လည်စဉ်းစားရန် အာဏာပိုင်များအားတိုက်တွန်းရင်း အထူးကိုယ်စားလှယ်များက“နိုင်ငံတကာဥပဒေအရကာကွယ်ပေးထားတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ထင်မြင်ယူဆချက်၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ လူထုရေးရာတွေမှာ ပါဝင်ခွင့်အပါအဝင် အခြေခံအခွင့်အရေးတွေကျင့်သုံးမှုကိုထိန်းချုပ်ဖို့ အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုစွဲချက်တွေကိုမလျော်မကန် အသုံးပြုနေကြပါတယ်” ဟုပြောဆိုကြသည်။

အထူးကိုယ်စားလှယ်များသည် သီးခြားလူ့အခွင့်အရေးများသို့မဟုတ် နိုင်ငံ၏ အခြေအနေတစ်ခုအား စုံစမ်းစစ်ဆေး၍ ပြန်လည်အစီရင်ခံတင်ပြရန် ဂျနီဗာအခြေစိုက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ခန့်အပ်ထားခြင်းဖြစ်သည်သည်။

ပညာရှင်များက နိုင်ငံတကာဥပဒေနှင့် နိုင်ငံ၏လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ဥပဒေဆိုင်ရာအခြေခံမကိုက်ညီမှုကိုမီးမောင်းထိုးပြထားလျက် တရုတ်အစိုးရ၏ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသရှိအမျိုးသားလုံခြုံရေးဥပဒေအပေါ် ၎င်းတို့ စိုးရိမ်မှုများကိုအသေးစိတ် ပြောခဲ့သည်။

နိုင်ငံခြားအစိုးရများထံမှရရှိသော ရန်ပုံငွေကို အကိုးအကားပြုထားသည့် ဥပဒေအရ“ နိုင်ငံခြားသားကိုယ်စားလှယ်” နှင့်ပတ်သက်သောကန့်သတ်ချက်များအပေါ်လည်းစိုးရိမ်ခဲ့ကြသည်။ အသင်းအဖွဲ့များအနေဖြင့် အဟန့်အတားမရှိဘဲပြည်ပ သို့မဟုတ် နိုင်ငံတကာအရင်းအမြစ်များမှ ရန်ပုံငွေများကိုရှာဖွေ၊ လက်ခံသုံးစွဲနိုင်စေရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်များက တရုတ်အား တောင်းဆိုခဲ့သည်။

ရန်ပုံငွေအပေါ်မလိုလားအပ်သော ကန့်သတ်ချက်များချမှတ်ခြင်းနှင့် နိုင်ငံခြားရန်ပုံငွေများ လက်ခံရရှိသူများကို အပြစ်ပေးခြင်းကဲ့သို့သော စည်းကမ်းသတ်မှတ်ချက်များသည် အဖွဲ့အစည်းများ၏လွတ်လပ်ခွင့်နှင့်အခြားလူ့အခွင့်အရေးများကိုချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုသည်။

ကျွမ်းကျင်သူများက အကြမ်းဖက်မှုနှင့် အမျိုးသားလုံခြုံရေးအဖျက်အမှောင့်များသည် နိုင်ငံတကာ ဥပဒေအရတင်းကျပ်စွာသတ်မှတ်ထားသောလေးနက်သောပြစ်မှုကြီးများဖြစ်ကြောင်းအစိုးရအား သတိပေး သည်။

အထူးကိုယ်စားလှယ်များကလူ့အခွင့်အရေးနှင့်နိုင်ငံတကာဥပဒေနှင့်ကိုက်ညီမှုရှိစေရန် အမျိုးသား လုံခြုံရေးဥပဒေကို အဆောတလျင် ပယ်ဖျက်ပြီး အရေးတကြီး လွတ်လပ်စွာပြန်သုံးသပ်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required