အာဆီယံအထူးသံတမန် မကြာမီ မြန်မာခရီးစဉ် သွားရောက်နိုင်မည်ဟု ထိုင်း မျှော်လင့်

အာဆီယံအထူးသံတမန် မကြာမီ မြန်မာခရီးစဉ် သွားရောက်နိုင်မည်ဟု ထိုင်း မျှော်လင့်

အောက်တိုဘာ ၁၅

အာဆီယံအထူးသံတမန် မကြာမီ မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရန်နှင့် အာဆီယံအဖွဲ့က သဘောတူထားသည့် ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုကို ရှေ့တိုးလုပ်ဆောင်နိုင်မည်ဟု ထိုင်းနိုင်ငံဘက်က မျှော်လင့်လျက် ရှိသည်ဟု သိရသည်။

မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် အာရီဝမ် ယူဆွတ်ဖ်အနေဖြင့် မြန်မာ့နိုင်ငံရေး၏ သက်ဆိုင်ပတ်သက်သူများနှင့် တွေ့ဆုံခွင့်ရလိမ့်မည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် သတင်းပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် တန်နီး ဆန်ဂရက်က ပြောသည်။

“ဒါကတော့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲမှာ မျှော်မှန်းထားတဲ့အတိုင်း မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးမှုကို အားပေးဖို့ ရည်ရွယ်ချက်တစ်ခုနဲ့ ယုံကြည်မှု တည်ဆောက်မှု လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ထုတ်ပြန်ချက်တစ်ခုတွင် ပြောသည်။

အာဆီယံအထူးသံတမန်၏ မြန်မာခရီးစဉ်နှင့် စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းစဉ် တန်နီးက အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ အောက်တိုဘာ ၁၅ ရက်တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အွန်လိုင်း အစည်းအဝေးတစ်ခု ကျင်းပမည် ဖြစ်ပြီး ယင်းအစည်းအဝေးတွင် အောက်တိုဘာ ၂၆-၂၈ အာဆီယံထိပ်သီးတွေ့ဆုံပွဲကနေ မြန်မာအာဏာသိမ်းခေါင်းဆောင်ကို ချန်လှပ်ထားမည်လား ဆိုသည်ကို ဆွေးနွေးသွားရန် ရှိနေသည်။

ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး တိုးတက်မှု မရှိလျင် အာဆီယံထိပ်သီးတွေ့ဆုံပွဲ၌ မြန်မာအာဏာသိမ်းခေါင်းဆောင်ကို ပါဝင်တက်ခွင့်မပြုရန် စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့က အဆင့်မြင့်လယ်ဗယ် အာဆီယံအစည်းအဝေးတစ်ခု၌ အဆိုပြုထားခဲ့သည်ဟု သတင်းရင်းမြစ်များကို ကိုးကားပြီး Kyodo News က ဖော်ပြသည်။

ထိုင်းနိုင်ငံအနေဖြင့်ကမူ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းမှုနှင့် နဂိုပုံမှန် အခြေအနေ ပြန်ရောက်မှုကို မြင်တွေ့နိုင်ရန် မျှော်လင့်ထားကြောင်းနှင့် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ရေး တောင်းဆိုကြောင်း ထပ်လောင်းပြောကြားသည်ဟု တန်နီးက ပြောသွားခဲ့သည်။

“မြန်မာနိုင်ငံမှာ ရှိတဲ့ သက်ဆိုင်သူအားလုံးအနေနဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံရေး ဖြေရှင်းမှုတစ်ခု အောင်မြင်စေဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဘုံရည်မှန်းချက်တစ်ခုဆီ လှမ်းချီလျှောက်လှမ်းနိုင်ဖို့ အမြင်တစ်ခုနဲ့အတူ အပြုသ‌ဘောဆောင်တဲ့ လမ်းကြောင်းတွေကနေတဆင့် ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်ဖို့ ကျွန်တော်တို့ ဆက်လက်တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

ထို့ပြင် မြန်မာကို အာဆီယံ မိသားစု၏ မိသားစုဝင်တစ်ဦးအဖြစ် ထိုင်းဘက်က ရှုမြင်ကြောင်း၊ မြန်မာသည် အာဆီယံမိသားစုအတွက် အရေးပါကြောင်း၊ ‌အောင်မြင်မှုရှိသည့် အာဆီယံအဖွဲ့တစ်ခုကို မြင်ချင်ကြောင်း တန်နီးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly