အခြေအနေ တိုးတက်မှုမရှိလျင် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံ တက်ရောက်ခွင့်မပေးလိုဟု မလေးရှား ပြော

အခြေအနေ တိုးတက်မှုမရှိလျင် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံ တက်ရောက်ခွင့်မပေးလိုဟု မလေးရှား ပြော

အောက်တိုဘာ ၁၅

သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်နှင့်ပတ်သက်၍ တစုံတရာ တိုးတက်မှု မရှိလျင် မကြာမီ ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ညီလာခံတစ်ခု၌ မြန်မာအာဏာသိမ်းခေါင်းဆောင် ပါဝင်တက်ရောက်မည်ကို မလေးရှားနိုင်ငံအနေဖြင့် မလိုလားကြောင်း ယင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ယနေ့ အောက်တိုဘာ ၁၅ ရက်တွင် အစည်းအဝေးတစ်ခု ပြုလုပ်မည် ဖြစ်ပြီး ထိုအစည်းအဝေး၌ မြန်မာစစ်ခေါင်းဆောင်ကို လာမည့် အာဆီယံထိပ်သီးတွေ့ဆုံပွဲကနေ ဖယ်ထုတ်မည်လား ဆိုသည်ကို ဆွေးနွေးကြရန် ရှိနေသည်။ ယနေ့ အာဆီယံနိုင်ငံခြား‌ရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာအာဏာသိမ်းစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးလည်း ပါဝင်တက်ရောက်လိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ထိပ်သီးတွေ့ဆုံပွဲတွင် ခေါင်းဆောင်များကို ချန်လှပ်ခြင်းအတွက် လုပ်ထုံးလုပ်နည်း မရှိသော်လည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အများသဘောဆန္ဒ မရရှိပါကလည်း ယင်းကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အခြားနည်းလမ်းများ ရှိကောင်းရှိနိုင်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလက သဘောတူထားသည့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်က ပါဝင်ဖော်ဆောင်ရန် ပျက်ကွက်မှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က အပြင်းအထန် ဝေဖန်ထားခဲ့သည်။

မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် အာရီဝမ် ယူဆွတ်ဖ်ကလည်း လာမည့် အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ ကျင်းပမည့် အာဆီယံထိပ်သီးတွေ့ဆုံပွဲတွင် မြန်မာအာဏာသိမ်းခေါင်းဆောင်ကို မဖိတ်ကြားရေးအတွက် အဖွဲ့ဝင်နိုင်ငံအချို့အကြား ဆွေးနွေးမှုများ ရှိထားခဲ့သည်ဟု ပြီးခဲ့သည့်အပတ်က အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly