ဘတ်ဂျတ်အခြေအနေကြောင့် ထိုင်းလေကြောင်းလိုင်း ခရီးစဉ်များ လျှော့ချလိုက်ပြီး လေယာဉ်ဟောင်းများလည်း ထုတ်ရောင်းရန်ရှိ

ဘတ်ဂျတ်အခြေအနေကြောင့် ထိုင်းလေကြောင်းလိုင်း ခရီးစဉ်များ လျှော့ချလိုက်ပြီး လေယာဉ်ဟောင်းများလည်း ထုတ်ရောင်းရန်ရှိ

ဘန်ကောက်ပို့စ်၊ ဒီဇင်ဘာ ၂၂ ။         ။ ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း Thai Airways International (THAI) က ကျဆင်းနေသော ဘဏ္ဍာကို တိုးမြှင့်နိုင်ရေးအတွက် အကျိုးအမြတ် နည်းသည့်  ခရီးစဉ်များကို လျှော့ချပစ်လိုက်ပြီဖြစ်သည်။ ထိုပြင် ဘဏ္ဍငွေဖြည့်တင်းရေးအတွက် လေယာဉ်ဟောင်းများ ရောင်းချသွားရန်နှင့် လက်မှတ်အရောင်း မြှင့်တင်သွားရေးအတွက်လည်း ကြံဆလျက်ရှိနေသည်။

ခရီးစဉ် သိပ်မရှိသည့် လိုင်းကြောင်းများကို လျှော့ချရမည်ဖြစ်ကြောင်း၊ လက်ရှိ ပျံသန်းပြေးဆွဲနေသည့် လိုင်းကြောင်းများကလည်း အတော်အတန် ပြည့်စုံကျေနပ်ဖွယ်ရှိပါကြောင်း THAI လေကြောင်းလိုင်း ဥက္ကဌဖြစ်သူ ချာရမ်ပွန်ဂျိုတီကာစသီရာက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောခဲ့သည်။

THAI အမျိုးသားလေကြောင်းလိုင်းအနေဖြင့် လေယာဉ်ဟောင်းများ ထုတ်ရောင်းရေး အစီအစဉ်မှ အမြတ်အစွန်းများ ရရှိလိမ့်မည်ဖြစ်ပြီး ယခုလအတွင်း လေယာဉ်ဟောင်း ခုနစ်စီးအား ထုတ်ရောင်းချနိုင်ရန် THAI လေကြောင်းလိုင်း ဒါရိုက်တာဘုတ်အဖွဲ့၏ အတည်ပြုချက်ရအောင် လုပ်ဆောင်လျက်ရှိနေကြောင်း ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက်က လာမည့်နှစ်အတွက် အစီအစဉ်များကို THAI ဒါရိုက်တာဘုတ်အဖွဲ့က ဆွေးနွေးခဲ့ကြပြီး လေကြောင်းလိုင်း၌ စီးနင်းလိုက်ပါသူ များပြားလာပြီး ၇၅ ရာခိုင်နှုန်းကျော်လွန်ရေး ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ခဲ့ကာ ကုန်ကျစရိတ်များ ထပ်လျှော့ချနိုင်ရေးအတွက်လည်း ဆွေးနွေးသဘောတူခဲ့ကြောင်း ချာရမ်ပွန်က ပြောသည်။

"လေကြောင်းလိုင်းအနေနဲ့ ခုလို စီစဉ်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ၂၀၁၆ မှာ အကျိုးဆက်ရလဒ်ကို သဲသဲကွဲကွဲ သိလာရမှာပါ။ ခရီးသည်များနဲ့ ကုန်တင်လေယာဉ်ဝန်ဆောင်မှုများကနေ ငွေပိုဝင်လာပြီး အမြတ်အစွန်းတွေ ထွက်ပေါ်လာတာ တွေ့လာရပါမယ်။"ဟု ၎င်းက ပြောခဲ့သည်။

THAI လေကြောင်းလိုင်းက မလိုအပ်သည့် ကုန်ကျစရိတ်များကို ဖြတ်တောက်ပြီး အမှုထမ်းများ၏ အရည်အသွေးကျွမ်းကျင်မှုကို မြှင့်တင်ပေးလာလိမ့်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သတင်းရင်းမြစ်တစ်ရပ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly