KIO နယ်မြေတွင် စက်သုံးဆီဈေးများကို တပြေးညီ သတ်မှတ်

By သတင်းနှင့် မီဒီယာ ကွန်ရက်
14 October 2021
KIO နယ်မြေတွင် စက်သုံးဆီဈေးများကို တပြေးညီ သတ်မှတ်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် စက်သုံးဆီစျေးမြှင့်တက်နေသည့်အတွက် တသတ် မတ်တည်းရောင်းချရန် KIO က သတ်မှတ်လိုက်သည်။

မြေပြင်တွင် စက်သုံးဆီတစ်လီတာအား ကျပ် ၄၀၀၀ မှ ကျပ် ၆၅၀၀ အထိ တိုးမြင့်ရောင်းချနေကြသည့်အတွက် ရောင်းသူ/ဝယ်သူ နှစ်ဦးနှစ်ဖက် မနစ်နာရေး ယခုကဲ့သို့ သတ်မှတ်ရခြင်း ဖြစ်သည်ဟု လိုင်ဇာမြို့ခံများနှင့် ဆီဆိုင် ပိုင်ရှင်အချို့က ပြောသည်။

“အခုလိုအစိုးရက သတ်မှတ်ပေးတော့ ပိုအဆင်ပြေတာပေါ့။ သူတို့က ကျနော်တို့ကို ဝယ်ဈေးနဲ့ ကုန်ကျစရိတ် တွက်ချက်ပြပြီး သတ်မှတ်ပေးတာပါ။ ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဖက် မနစ်နာရအောင်ပေါ့” ဟု လိုင်ဇာမြို့က ဆီဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။

KIO က အောက်တိုဘာလ ၁၃ ရက်နေ့ လိုင်ဇာမြို့အတွင်းက ဒေသခံအချို့၊ စက်သုံးဆီဆိုင်ရောင်းချသူများ၊ မြို့ တော် အုပ်ချုပ်ရေးရုံး၊ စည်ပင်သာယာရုံးနှင့် မီးသတ်ရုံးမှ တာဝန်ရှိသူများ အစည်းအဝေးတစ်ရပ်ကျင်းပပြီး ယခု ကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထိုအစည်အဝေးတွင် လိုင်ဇာမြို့ နယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအားလုံး ဓာတ်ဆီ တစ်လီတာ လျှင် တရုတ်ငွေ ၁၀ ယွမ် (သို့) မြန်မာငွေ ၃၀၀၀ ကျပ်ဖြင့်သာ ရောင်းချကြရန် သတ်မှတ်လိုက်သည်ဟု အစည်း အဝေးသွားတက်သူများက ပြောသည်။

အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဆီစျေးအဆမတန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ဒုတိယအပတ်မတိုင်ခင်က ဓါတ်ဆီတစ်လီတာကို ကျပ် ၂၅၀၀ ခန့်ဖြင့် ရောင်းချနေရာမှ ကျပ် ၄၀၀၀ မှ ကျပ် ၆၅၀၀ ခန့်အထိ မြင့်တက်သွားခြင်းဖြစ်သည်။

ယခုကဲ့သို့ သတ်မှတ်ပေးရခြင်းမှာ စက်သုံးဆီအရောင်းဆိုင် အချို့တွင် စက်သုံးဆီများ ပြတ်လပ်လာခြင်းနှင့် နယ် စပ်တလျှောက်တွင် တရုတ်-မြန်မာငွေလဲလှယ်နှုန်းမတည်ငြိမ်ခြင်းတို့ကြောင့် ဆီကုန်သည်များသည် စက်သုံးဆီ ဈေးနှုန်းကို အဆမတန် မြင့်တင်ရောင်းချလာခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံဘက်အခြမ်းမှ လိုင်ဇာမြို့ဘက်ခြမ်းက ကိုဗစ်-၁၉ ရောဂါကူးစက်နေမှုများကြောင့် မေလကစတင်၍ နယ်စပ်တကြော လုံခြုံရေးပိုမိုတင်းကြပ်လိုက်သည့်အတွက် ကုန်သွယ်ရေးပိုင်း ပိုမိုခက်ခဲလာသည်ဟု ကုန်သည် များနှင့် ဆီလုပ်ငန်းရှင်အချို့က ပြောသည်။

လိုင်ဇာမြို့တွင် စက်သုံးဆီ အရောင်းဆိုင်အများစုတွင် ဓာတ်ဆီ၊ ဒီဇယ်များ ပြတ်လပ်နေသည်မှာ နှစ်ပတ်ကျော် ခန့်ရှိပြီဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းအချိန်မှစတင်၍ အချို့ဆီဆိုင်များ အရောင်းရပ်နားထားကြကာ အချို့ဆိုင် များက ခွဲတန်းဖြင့်သာ ရောင်းချပေးနေသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

ဆီဆိုင်များက ဂါလံများဖြင့် မရောင်းကြပေးတော့ဘဲ ရေသန့်ဗူး အချိုရည်ဗူးများဖြင့်သာ ခွဲတန်းဖြင့် အနည်းငယ် စီ ရောင်းချပေးနေသည်ဟု ဆိုကြသည်။

လိုင်ဇာမြို့က ဒေသခံအမျိုးသမီးတစ်ဦးက “အခုဆိုရင် တစ်နေရာရာသွားဖို့တောင် တော်တော်စဉ်းစားနေရတယ်။ ဆိုင်ကယ်မှာ ရှိနေတဲ့ ဆီနဲ့ ရောက်ကော ရောက်ပါ့မလား ဆိုပြီးမှပေါ့။ ဝယ်ထည့်ဖို့ကလည်း ဈေးကြီးတယ်။ ဒီမနက် ဆိုင်ကယ်ဆီ သွားထည့်တာ ၂ လီတာ ကျော်လောက်လဲရှိမယ်။ ရေသန့်ဗူးကြီး နှစ်ဗူးကို ၁၀၀၀၀ ပေးခဲ့ရ တယ်” ဟု ပြောသည်။

ယခုနှစ် မေလ ခန့်တွင် လိုင်ဇာမြို့တွင်း COVID-19 ရောဂါ ကူးစက်မှုများ ရှိလာသည့်နောက်ပိုင်းမှစတင်၍ ရောဂါ ကာကွယ်ရေး အခြေအနေကြောင့်ဟုဆိုကာ တရုတ်နိုင်ငံဘက်ခြမ်း၊ နယ်စပ်ဂိတ် ဖြတ်ကျော်ခွင့်ပိတ် ထားခြင်း ကြောင့် စက်သုံးဆီကားများ ဝင်ရောက်နိုင်ခြင်းမရှိခြင်းတော့ပဲ ယခုကဲ့သို့ ဆီပြတ်လပ်မှုပြဿနာ၊ ဆီစျေးအဆ မတန်မြင့်တက်လာရခြင်း ဖြစ်သည်ဟု လိုင်ဇာမြို့ရှိ ဆီဆိုင်ပိုင်ရှင်အချို့က ပြောသည်။

လိုင်ဇာမြို့တွင် စက်သုံးဆီ အရောင်းဆိုင်ကြီး ၆ ဆိုင် ရှိပြီး ယခုကဲ့သို့ KIO ထိန်းချုပ်နယ်မြေအတွင်း လောင်စာ ဆီ ပြတ်လပ်မှုကို ကြုံတွေ့ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့အပြင် အာဏာသိမ်းမှု နောက်ပိုင်း KIO ထိန်းချုပ်နယ်မြေ နယ်စပ်ဒေသတစ်လျောက်တွင် တရုတ်ငွေဈေး မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းများလည်း မကြာခဏ ပြောင်းလဲ မြင့်တက်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly