မြန်မာ့စီးပွားရေးဘဏ်တွင် ငွေမရှိ၍ တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်း

မြန်မာ့စီးပွားရေးဘဏ်တွင် ငွေမရှိ၍ တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်း

အောက်တိုဘာ 

ဧရာဝတီတိုင်းအတွင်းရှိ ဗဟိုဘဏ် လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ငွေမရှိ၍ တိုင်းဒေသကြီးအတွင်းရှိ တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းနေကြောင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၏ အသင်းဝင်များထံက သိရသည်။

စက်တင်ဘာလ နှောင်းပိုင်းက စတင်ကာ ငွေထုတ်ယူခွင့်ရရှိပြီးဖြစ်သည့် တင်ဒါအောင် ဆောက်လုပ်ရေးကုမ္ပဏီများအား မြန်မာ့စီးပွားရေးဘဏ်ခွဲများက ငွေမရှိဟုဆိုကာ ငွေထုတ်မပေး၍ လုပ်ငန်းများဆက်လက် လုပ်ကိုင်မရတော့ခြင်းဖြစ်သည်။

“ ငွေထုတ်ခွင့်လည်းကျပြီးပြီ ။ လုပ်ငန်းက ၅၀ရာခိုင်နှုန်းတောင် ပြီးတော့မယ်။ ငွေမထုတ်ပေးတော့ ဆက်မလုပ်နိုင်ကြတော့ဘူး ။ အကုန်ရပ်ထားရတယ်။ ငွေသွားထုတ်တာ အခေါက်ပေါင်းမနည်းတော့ဘူး ။ တစ်ခါမှ ရမလာဘူး။ အပြင်ဘဏ်တွေဆိုရင်မှ Mobile Banking(ဖုန်းဖြင့် ငွေပေး၊ငွေယူ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် စနစ်) နဲ့ ငွေချေလို့ရနိုင်သေးတယ် ။ ဗဟိုဘဏ်ကျ ဘာမှလုပ်မရဘူး။ ပြီးတော့ ဗဟိုဘဏ်က ပိုက်ဆံထုတ်ပေးတာမှာ ဒီအတိုင်းပေးတာမဟုတ်ဘူး။ အခုနောက်ပိုင်း စေတနာကြေးဆိုပြီးတော့ တစ်ရာခိုင်နှုန်း အမြဲတောင်းတယ်”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အစိုးရထံက တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းများသည် ကိုယ်ပိုင်ငွေစိုက်ထုတ်ကာ လုပ်ငန်း ၂၅ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ရပြီး ယင်းသို့ ဆောင်ရွက်ပြီးစီးကြောင်း သက်ဆိုင်ရာ အစိုးရဌာနထံ တင်ပြပြီးမှသာ ငွေထုတ်ယူခွင့်ရရှိခြင်းဖြစ်သည်။

“တင်ဒါငွေတွေပဲ ထုတ်မရတာလားဆိုပြီး တခြားအရင်က ငွေအပ်ထားဖူးသူတွေကို လိုက်မေးတော့လည်း အဲဒီအတိုင်းပဲ။ ထုတ်မရဘူးဖြစ်နေတာ၊ ပင်စင်နဲ့လစာပဲ ထုတ်ပေးနေတယ်။ မေးတော့လည်း အကြောင်းပြချက်မရှိဘူး ။ နောက်တစ်ပတ်လာပါလို့ပဲ ပြောတယ်။ ပစ္စည်းဖိုးအကြွေးတွေလည်း မပေးနိုင် လုပ်သားတွေကိုလည်း လုပ်ခမရှင်းနိုင်မို့ အလုပ်တွေ နားလိုက်ရတယ်။ နားတော့လည်း အလုပ်သမားက အလုပ်မရှိတော့ ဒုက္ခရောက်ပြန်ရောဆိုတော့ ဘာလုပ်ရမယ်ကို မသိတာ”ဟု စီးပွားရေးဘဏ်တွင် ကိုယ်တိုင်ငွေ သွားရောက်ထုတ်ယူခဲ့သူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာနှင့် ဝန်ထမ်းလစာများကိုသာ ထုတ်ပေးလျက်ရှိပြီး ပြင်ပငွေထုတ်ယူခွင့် မပြုသည်မှာ နှစ်ပတ်ကျော် ကြာမြင့်နေပြီဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required