အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချန်လှပ်ထားရန် အာဆီယံဝန်ကြီးများ ဆွေးနွေးမည်

အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချန်လှပ်ထားရန် အာဆီယံဝန်ကြီးများ ဆွေးနွေးမည်

အောက်တိုဘာ ၁၄

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးတွေ့ဆုံပွဲမှ ချန်လှပ်ဖယ်ထုတ်ထားမည့်အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လာမယ့် အောက်တိုဘာ ၁၅ရက်တွင် အစည်းအဝေးကျင်းပမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက အာဆီယံ ခေါင်းဆောင်များ၏ အစည်းအဝေးအတွင်း သဘောတူညီခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က အကောင်အထည်ဖော်ရန် ပျက်ကွက်လျက်ရှိသည်။ ယင်းပျက်ကွက်မှုအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က အပြင်းအထန် ဝေဖန်ထားသည်။ ထိုဘုံသဘောတူညီချက်တွင်ပါသည့် မြန်မာ့အရေးတွင် သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးမှုလုပ်ဆောင်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပေးပို့ရောက်ရှိစေခြင်း နှင့် တိုက်ခိုက်မှုများ အဆုံးသတ်ရေးတို့ကို ပါဝင်သည်။

အောက်တိုဘာ ၁၅ရက်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ကြိုတင်အစီအစဉ်ဆွဲထားခြင်းမရှိဘဲ အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံက ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ပြုလုပ်မည်ဖြစ်ကြောင်း သံတမန်တစ်ဦးနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက အစိုးရအရာရှိတစ်ဦးတို့က ပြောသည်။

အစည်းအဝေးနှင့်ပတ်သက်ပြီး မှတ်ချက်တောင်းရန် ဖုန်းခေါ်ဆိုမှုများကို မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အဖြေပေးခြင်း မရှိခဲ့ပေ။

ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် အီးမေးလ်ဖြင့် ပန်ကြားမှုတစ်ခုကို တုံ့ပြန်ထားခြင်း မရှိပေ။

အောက်တိုဘာ ၂၆ရက် မှ ၂၈ရက်ထိ အွန်လိုင်းကပြုလုပ်မည့် ထိပ်သီးတွေ့ဆုံပွဲတွင် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို မဖိတ်ကြားရန် အာဆီယံအဖွဲ့ဝင်တချို့ကြား ဆွေးနွေးမှုများရှိခဲ့ကြောင်း  မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် ဒါတို အာရီဝမ် ယူဆွတ်ဖ်က ပြီးခဲ့သည့်အပတ်က အတည်ပြုသည်။

အာဆီယံ၏ ဘုံသဘောတူညီချက်အပေါ် မြန်မာအာဏာသိမ်းအုပ်စုဘက်က ကတိပေးထားသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မှု မရှိခြင်းက နောက်ကြောင်းပြန်လှည့်သည့် သဘောသက်ရောက်ကြောင်း ၎င်းက ပြောခဲ့သည်။
သောကြာနေ့ (အောက်တိုဘာ ၁၅ရက်) အစည်းအဝေးနှင့်ပတ်သက်ပြီး မစ္စတာ အာရီဝမ်၏ ရုံးက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required