တရားရုံးက တရားသေပြန်လွှတ်ပေးခဲ့သည့် ပလက်ဝချင်းလူငယ် ၄ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် စစ်ကောင်စီက ပြန်ဖမ်းခိုင်းဟုဆို

တရားရုံးက တရားသေပြန်လွှတ်ပေးခဲ့သည့် ပလက်ဝချင်းလူငယ် ၄ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် စစ်ကောင်စီက ပြန်ဖမ်းခိုင်းဟုဆို

ပလက်ဝ၊ အောက်တိုဘာ - ၁၄

ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အချုပ်တွင် ငါးလနီးပါး ချုပ်နှောင်ထားသည့် ချင်းအမျိုးသား လေးဦးကို အောက်တိုဘာလ ၁၂ရက်က တရားရုံးထုတ်အပြီးတွင် ပြစ်မှုကျူးလွန်ကြောင်းမတွေ့ရှိသဖြင့် တရားရုံးမှ တရားသေ ပြန်လွှတ်ပေးခဲ့သော်လည်း နောက်တစ်နေ့ အောက်တိုဘာလ ၁၃ရက် မနက်တွင် စစ်ကောင်စီမှ ပြန်ခေါ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ တပ်ပြီးအချုပ်ထဲ ပြန်ထည့်လိုက်ကြောင်း သိရသည်။

''သူတို့ကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ တပ်ပြီးအချုပ်ထဲ ပြန်ထည့်လိုက်ပြီဆိုပြီး သိရတယ်။ ကျွန်တော်တို့ စုံစမ်းကြည့်သလောက် သူတို့ကိုပြန်ဖမ်းထားပြီးပြီဆိုတဲ့ အကြောင်းကို ကြေးနန်းတော့ထွက်သွားပြီလို့ သိရတယ်ဆိုတော့ သေချာပြီပေါ့''ဟု ဆွေမျိုးနီးစပ်သူ တစ်ဦးက ပြောသည်။

သည့်အပြင် ''ကျွန်တော်အထင် သူတို့တွေက လူမှုရေးလုပ်ငန်းပရဟိတလုပ်ငန်းတွေ အများကြီးလုပ်တယ်။ မင်းတပ်မှာတိုက်ပွဲဖြစ်တော့ မင်းတပ်စစ်ဘေးရှောင်တွေကို တောက်လျှောက်ကူညီမှုတွေ ပေးကြတယ်။ အလှူငွေကောက်ကြတယ်။ အဲဒါကလည်း ၅၀၅(က)နဲ့စွဲတဲ့အချိန်မှာ တရားရုံးမှာ ထွက်ဆိုပြီးပြီ။ အဲဒါကို များ အခု သီးသန့်ပြန်စွဲတာလားမသိဘူး''ဟုဆိုသည်။

အဆိုပါလူငယ်လေးဦးသည် တရားရုံးမှ အပြစ်မရှိကြောင်း အမိန့်ချမှတ်ပြီးပြီးချင်း ပလက်ဝ အခြေစိုက်တပ်မမှူးထံ သွားရောက်တွေ့ဆုံဩဝါဒခံယူခဲ့ပြီး နောက်နေ့တွင် ရဲမှူးကြီးမှတွေ့ချင်သည်ဟု ဆိုကာ သွားရောက်တွေ့ဆုံစဉ် ပြန်လည်ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ကနဦး အဖမ်းခံရစဉ်ကာလက ငါးဦးဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ဦးရာကျော် (NGOဝန်ထမ်း) ဆိုသူကို သီးသန့်ပြန်လွှတ်ပေးခဲ့ပြီး ကျန်လေးဦးမှာ ထပ်မံ၍ ဖမ်းဆီးထားခြင်းဖြစ်သည်။

လက်တလောတွင် ကိုအိုက်ထွန်းမင်း(ကုမ္ပဏီ ဝန်ထမ်း)၊ ကိုထွန်းမင်း(အဆိုတော်)၊ ကိုထွန်းမင်း(သစ်တော ဝန်ထမ်း) နှင့် ကိုအောင်ထွန်းစိုးတို့ကို ပုဒ်မ ၁၇/၁ ဖြင့်ပြန်လည်ဖမ်းဆီးထားခြင်းဖြစ်သည်။

ပုဒ်မ ၁၇/၁ သည် မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ်နှစ်ထက်မနည်း သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကို ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly