ကုလအမြဲတမ်းကိုယ်စားလှယ်နေရာအတွက် စစ်အုပ်စုဘက်က လျှောက်လဲ ချက် အပြီးသတ်တော့မည်

ကုလအမြဲတမ်းကိုယ်စားလှယ်နေရာအတွက် စစ်အုပ်စုဘက်က လျှောက်လဲ ချက် အပြီးသတ်တော့မည်

အောက်တိုဘာ ၁၄

မြန်မာနိုင်ငံကိုကိုယ်စားပြုသော ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်နေရာ အတွက် အာဏာသိမ်းစစ်ကောင်စီဘက်ကတင်သွင်းသူကို ခန့်အပ်ပါရန် လျှောက်လဲချက်စာတမ်းသည် မကြာခင်အပြီးသတ်ဖြစ်ပြီဟု နေပြည်တော်ရှိ သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီအကြံပေးများဖြစ်ကြသော ဒေါက်တာဒေါ်ရင်ရင်နွယ်နှင့် ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန်တို့ပါဝင်ပြုစုသော လျှောက်ထားတင်ပြရန်စာကို နေပြည် တော်တွင် ပြုစုနေသည်မှာ မကြာမီမှာပင်အပြီးသတ်နိုင်တော့မှာ ဖြစ်သည်ဟု သိရသည်။

" ဒေါ်ရင်ရင်နွယ်က အဲဒါနဲ့ အလုပ်ရှုတ်နေခဲ့တာ၊ ဒီရောက်တာကြာပြီ" ဟု သတင်းရင်းမြစ်ကပြောသည်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်အကြံပေး နှစ်ဦးလုံးမှာ စစ်ကောင်စီလက်ထက်တွင်လည်း အကြံပေးများဖြစ်လာခဲ့သည်။

အကြံပြု လျှောက်ထားချက်ကို ကုလအထွေထွေညီလာခံ၏ အရည်အချင်းစစ် ကော်မတီ UNGA Credentials Committee က နိုဝင်ဘာလအတွင်းရွေးမည် ဟု မျှော်လင့်ရသည်။

NUG အစိုးရဘက်ကတော့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်မြင့်တို့ကို မြန်မာနိုင်ငံ၏ အစိုးရခေါင်း ဆောင်များအဖြစ် ဆက်လက်အသိအမှတ်ပြုစေလိုချိန်တွင် စစ်အုပ်စုဘက် ကတော့ လူသစ်အစားထိုးခန့် ထားလိုပြီး ၎င်းတို့ကို အစိုးရအဖြစ်အသိအမှတ် ပြုစေလိုသည်။

အရည်အချင်းစစ်ကော်မတီတွင် အဖွဲ့ဝင် ကိုးနိုင်ငံပါဝင်ပြီး အမေရိကန်၊ တရုတ်၊ ရုရှားတို့နှင့် နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံအားလုံးနှင့်ဆက်ဆံရေး ကောင်း မွန်သည့်နိုင်ငံ၊ ဘက်မလိုက်ဘဲ မျှတသည့်ဟု မှတ်ယူခံရသည့် နိုင်ငံများ ပါဝင် လေ့ရှိပြီး သဘောမတူသူရှိလျှင် မဲခွဲဆုံးဖြတ်ကြရသည်။

အမြဲတမ်းကိုယ်စားလှယ်အဖွ့ဲနေရာအတွက် အကြောင်းပြဆိုရာတွင် နယ်မြေ ထိန်းချုပ်လုပ်ဆောင်နိုင်မှု၊ ဒီမိုကရေစီနည်းကျဖြစ်ခြင်းနှင့် နိုင်ငံတကာ ဥပဒေ များအပေါ် လိုက်နာခြင်းဆိုသည့်အချက်များပါဝင်သည်။

အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ကိုအသိမှတ်ပြုပေးလိုက်လျှင် အဆိုပါအဖွဲ့သည် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအသီးသီးတို့တွင်လည်း မြန်မာကို ကိုယ်စားပြုခွင့်ရရှိမှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly