ကရင်နီဒေသတွင် စစ်ရှောင်များကို ကူညီရင်း Free Burma Ranger-Karenni အဖွဲ့ဝင် ကျဆုံး

ကရင်နီဒေသတွင် စစ်ရှောင်များကို ကူညီရင်း Free Burma Ranger-Karenni အဖွဲ့ဝင် ကျဆုံး
ဓာတ်ပုံ- (Free Burma Ranger-Karenni FB)

အောက်တိုဘာ ၁၄

ကယားပြည်နယ်(ကရင်နီဒေသတွင်) ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်ရင်း ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်စခန်းတစ်ခုကို Free Burma Ranger-Karenni အဖွဲ့မှ ရိက္ခာပို့ဆောင်ပေးပြီး အပြန်လမ်းခရီးတွင် ကားချောက်ထဲပြုတ်ကျပြီး အဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း Free Burma Ranger-Karenni အဖွဲ့က အတည်ပြုသည်။

ကားမတော်တဆ တိမ်းမှောက်မှုမှာ အောက်တိုဘာလ ၁၁ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားရှေ့ခန်းတွင် လိုက်ပါလာသူ အသက် ၃၀ အရွယ် ကယား(ကရင်နီ)ဒေသခံ Free Burma Ranger-Karenni အဖွဲ့ဝင်တစ်ဦး ကျဆုံးသွားခြင်းဖြစ်သည်။

“စစ်ရှောင်တွေကို ကူညီရင်းနဲ့ အပြန်လမ်းမှာပဲ ဖြစ်သွားတာပါ။ မတော်တဆမှုဖြစ်ရင်းနဲ့ ကားချောက်ထဲကျပြီး တစ်ယောက်ကျသွားတယ်။ ကားပေါ်ပါလာတဲ့သူတွေကတော့ တစ်ယောက်ထိခိုက်ဒဏ်ရာရတယ်။ စစ်ရှောင်စခန်းကနေ ပြန်လာပြီးတော့မှ လမ်းမှာဖြစ်တာလို့ သိရတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုကျဆုံးသွားသည့် Free Burma Ranger-Karenni အဖွဲ့ဝင်ကို ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်တွင် သင်္ဂြိုဟ်လိုက်ပြီဟု သိရသည်။

ကားပေါ်တွင် လိုက်ပါလာသူ အဖွဲ့ဝင် ရှစ်ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာရကာ ကျန်အဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

ကရင်နီဒေသတွင် ဒေသကာကွယ်ရေးတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံတစ်သိန်းကျော် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။

“အခုကတိုက်ပွဲက နေရာတိုင်းလိုလို ဖြစ်နေတယ်။ နေ့စဉ်နေ့တိုင်းဖြစ်နေတော့ စစ်ရှောင်တွေ တစ်နေ့တခြား ပိုများလာတယ်။ တောတောင်တွေကို တိမ်းရှောင်နေရတော့ စားဝတ်နေရေးက တော်တော်များ ပြတ်လပ်နေရတဲ့ အတွက်ကြောင့် ဟိုတစ်နေ့ကဆိုလည်း ရိက္ခာတွေ သွားပို့ရင်းနဲ့ အဲလိုအခြေအနေ ဖြစ်သွားရတာပေါ့။ တောင်ပေါ်ဒေသဖြစ်တော့ အခုလည်း အေးတဲ့ရာသီဖြစ်တဲ့အချိန်မှာ စောင်၊ အနွေးထည်၊ ဆေးဝါးတွေ လိုနေတာပါ” ဟု ကူညီကယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

Free Burma Ranger-Karenni အဖွဲ့သည် ကရင်နီဒေသတွင်း တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးလာရသည့် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ပေးခြင်း၊ စားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့ခြင်း၊ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်းနှင့် သတင်းအချက်များကို မျှဝေပေးခြင်းများကို လုပ်ဆောင်သည်။

အဆိုပါအဖွဲ့သည် တက်ကြွလှုပ်ရှားသော ကယား(ကရင်နီ)ဒေသခံ လူငယ်များ စုပေါင်းပြီး Free Burma Ranger အဖွဲ့ချုပ်၏ အသိအမှတ်ပြုမှုဖြင့် လက်အောက်ခံ အဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly