အိန္ဒိယ၌ ကျေးလက်နေပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှု မစ်ရှင်ကို အပြည့်အဝ ဖော်ဆောင်

အိန္ဒိယ၌ ကျေးလက်နေပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှု မစ်ရှင်ကို အပြည့်အဝ ဖော်ဆောင်

ဆေးကုသမှု အခြေခံအဆောက်အအုံဆိုင်ရာ အကန့်အသတ်များ၊ လူတစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ရှည်သည်းခံမှုတို့အပေါ် ထပ်တလဲလဲ စမ်းသပ်ရင်းဖြင့် COVID-19 ကပ်ရောဂါသည် အိန္ဒိယ၏ အကျပ်အတည်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်နိုင်စွမ်းများအပေါ် ယခင်အတိတ်တုန်းက တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ထားခဲ့ဖူးသည့် အတိုင်းအတာတစ်ခုအထိ စိန်ခေါ်ထားခဲ့သည်။

များပြားလှသည့် လူဦးရေနှင့်အတူ အိန္ဒိယ၏ ကြီးမားသည့် ဒေသများတွင် လူနေသိပ်သည်းမှု မြင့်မားမှုတို့ ရှိ‌သော်လည်း ယင်းနိုင်ငံသည် COVID-19 ၏ ကနဦးဆုံး အစောဆုံး လှိုင်းကို အများအားဖြင့် အောင်မြင်သည့် လုပ်ဆောင်မှုတစ်ခုကို ဦးဆောင်စီမံနိုင်ခဲ့သည်။

ယင်းတွင် လူသေဆုံးမှုတစ်ချို့နှင့် နိုင်ငံ၏ စီးပွားရေး ဖွဲ့စည်းတည်ဆောက်ပုံအပေါ် ထိခိုက်စေမှုတို့ ရှိခဲ့သော်ငြား အိန္ဒိယ၏ “ဗိုင်းရပ်စ်စမ်းသပ်ခြင်း၊ ကူးစက်သူနှင့်ထိတွေ့သူများကို ခြေရာကောက်ခြင်းနှင့် ကုသခြင်း” ဆိုသည့် မန္တာန်က တရုတ်ကနေ မူလအစပြုခဲ့သည်ဟု ဆိုသည့် ယင်းဗိုင်းရပ်စ်နှင့် ထိတွေ့ထားခဲ့သူတို့၏ ဘဝများကို သိသိသာသာ ပြောင်းလဲစေခဲ့ခြင်း မရှိပေ။

သို့သော် အိန္ဒိယ အာဏာပိုင်တို့ အစောပိုင်းက ပြဋ္ဌာန်းထားခဲ့သည့် တင်းကျပ်သည့် ပိတ်ပင်ကန့်သတ်ချက်များကို စတင် ဖြေလျှော့ခဲ့ချိန်၊ ကူးစက်သူတွေ့ရှိမှုနှုန်း လျော့သွားချိန်၊ တည်ငြိမ်သည့် ပြန်လည်နာလန်ထူမှု ဖြစ်ပေါ်လာချိန်မှာပဲ အဆိုပါ လူသေဆုံးစေသည့် COVID-19 ဗိုင်းရပ်စ်က ယင်း၏ ပြင်းထန်သည့် ပုံစံကို ပြသခဲ့ပြီး ဒယ်လ်တာ မျိုးကွဲ ပုံစံဖြင့် နိုင်ငံတွင် ပျံ့နှံ့ကူးစက်ခဲ့သည်။

ဤ အန္တရာယ်ပိုကြီးသော ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဒုတိယလှိုင်းတစ်ခုအတွင်း သေဆုံးမှုနှုန်း မြင့်တက်ခဲ့သလို လူအများအပြားသည်လည်း ဗိုင်းရပ်စ် လက္ခဏာရပ်များ ခံစားရပြီး နောက်ဆက်တွဲ သေဆုံးမှုများ ရှိခဲ့ရာတွင် လူထုအကြား ကြီးမားသည့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေခဲ့သည်။

အဆိုပါ ကြီးထွားနေခဲ့သည့် ခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် အိန္ဒိယအာဏာပိုင်တို့သည် နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခံရန် သင့်လျော်သည့် ပြည်သူများကို အချိန်တိုအတွင်း ကာကွယ်ဆေး အမြန်ဆုံးထိုးပေးနိုင်ရန်အတွက် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထိုးနှံမှု ပရိုဂရမ် စီစဥ်ဆောင်ရွက်မှုအပေါ် အာရုံစိုက်ခဲ့သည်။ ကာကွယ်ဆေးထိုးမှု အရေအတွက် တိုးမြင့်ခဲ့ပြီး ကူးစက်မှုနှုန်း တဖြည်းဖြည်းချင်း လျော့ကျကာ ကူးစက်ခံရသူတို့၏ ရောဂါခံစားရမှု ပြင်းထန်မှုနှုန်းလည်း လျော့ကျသွားချိန်တွင် ရလဒ်များက ပေါ်လွင်ထင်ရှားလာခဲ့သည်။

COVID-19 ဒုတိယလှိုင်းသည် အိန္ဒိယ ကျေးလက်ဒေသကို ကြီးကြီးမားမား အထိနာစေခဲ့သည်။ ကူးစက်မှုဖြစ်စဥ် အားလုံးအနက် ၅၃ ရာခိုင်နှုန်းက နိုင်ငံ၏ ကုန်းတွင်းပိုင်းကျေးလက်ဒေသများကနေ ပေါ်ထွက်နေခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအားလုံး၏ ၅၂ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် ဖြစ်ပေါ်ခဲ့သည်။ ကပ်ရောဂါကို ထိန်းချုပ်ဟန့်တားရန် တစ်ခုတည်းသော နည်းလမ်းမှာ ကာကွယ်ဆေးအထိုးခံရန် သင့်လျော်သည့် နိုင်ငံသားတိုင်းကို ကာကွယ်ဆေးထိုးပေးရန်ပင် ဖြစ်သည်။ မြို့ကြီးများတွင် အသိပညာဗဟုသုတနှင့် ကာကွယ်ဆေး ရရှိမှုများ ရှိနေသော်လည်း ကျေးလက်ဒေသများတွင် လက်တွေ့အခြေအနေသည် ယင်းနှင့်အလွန်ပင် မတူညီ ခြားနားနေခဲ့သည်။

The Hindu သတင်းစာ၏ ဖော်ပြချက်အရ အိန္ဒိယ၏ မြို့ပြလူဦးရေ၏ ၃၀ ဒသမ ၃ ရာခိုင်နှုန်းသည် အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံခံပြီး ဖြစ်ပြီး ယင်းကို ကျေးလက်ဧရိယာများရှိ ၁၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဥ်နိုင်သည်။ သတင်းမှားများနှင့် ကောလာဟလများကြောင့် ကျေးလက်နေပြည်သူများအကြား ကာကွယ်ဆေးထိုးရန် တုံ့ဆိုင်းနေမှု၊ အွန်လိုင်းမီဒီယာနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးမပြုတတ်မှု၊ အခွင့်အလမ်းမရှိမှု စသည့်

အကြောင်းအချက်များကြောင့် အိန္ဒိယကျေးလက်ဒေသ၌ ကာကွယ်ဆေးထိုးနှံမှုပိုင်းတွင် နှေးကွေးပြီး မမျှတသည့် ဖြန့်ကျက်မှုတစ်ခုကို ဦးတည်စေခဲ့သည်။

ကျေးလက် အစုအဖွဲ့များတွင် ကာကွယ်ဆေးထိုးမှု လုပ်ငန်းစဥ်ကို အရှိန်မြန်ဆန်စေရန်အတွက် GiveIndia သည် အားလုံးအတွက် ကာကွယ်ဆေးထိုးမှု မစ်ရှင်ကို လုပ်ဆောင်နေသည်။ ယင်းမစ်ရှင်သည် အိန္ဒိယ ကျေးလက်ဒေသများအတွက် ကာကွယ်ဆေးများကို ပိုမို မြန်ဆန်လွယ်ကူစွာ အသုံးပြုနိုင်ရန် ကူညီနိုင်မည် ဖြစ်သလို ယုံတမ်းစကားများ၊ သတင်းမှားများကို တိုက်ဖျက်ခြင်းအားဖြင့် ကာကွယ်ဆေးဆိုင်ရာ အသိပညာများကို ကူညီတိုးပွားစေမည် ဖြစ်သည်။

ထို့ပြင် သူနာပြုများ၊ ဆေးဘက်အကူများ၊ တရားဝင်ခန့်အပ်ခံ လူမှုကျန်းမာရေး တက်ကြွလှုပ်ရှားသူ လုပ်သားများနှင့် အသိုက်အဝန်းအတွင်းရှိ ကျန်းမာရေးလုပ်သားများကို လေ့ကျင့်သင်ကြားပေးမှုအတွက် GiveIndia သည် ပြည်နယ်အစိုးရများ၊ သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းများနှင့် အတူ လက်တွဲလုပ်ဆောင်မည် ဖြစ်သည်။ ထို့ပြင် ယင်းက ဒစ်ဂျစ်တယ်ဆိုင်ရာ ခြားနားနေမှုများကို ကူညီပေါင်းကူးပေးမည် ဖြစ်သလို ဖွံ့ဖြိုးမှုဆိုင်ရာ စိန်ခေါ်မှုများရှိနေသည့် ဒေသများအပါအဝင် ကျေးလက်ဧရိယာများတွင် နောက်ဆုံးအဆင့် ထောက်ပံ့ဖြည့်ဆည်းမှုများကို ကူညီလွယ်ကူစေမည်ဖြစ်သည်။

မစ်ရှင်ကို တဖြည်းဖြည်းချင်း စတင်လုပ်ဆောင်ခဲ့သော်လည်း အိန္ဒိယသည် ထိုးနှံပြီးစီးသည့် ကာကွယ်ဆေးပုလင်း အရေအတွက်ပိုင်းတွင် အမေရိကန်ကို ကျော်တက်ထားခဲ့သည်။ တကယ်တမ်းတွင် အမေရိကန်သည် ဆေးအလုံးရေ သန်း ၃၃၀ ကျော် ထိုးရန် ရက်ပေါင်း ၂၀၀ ခန့် အချိန်ယူခဲ့ရချိန် အိန္ဒိယသည် ယင်းတူညီသော သတ်မှတ်ချက်ကို ၁၆၅ ရက်အတွင်း ပြီးမြောက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly