အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားရှိ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး UNHRC သို့ တက်ကြွလှုပ်ရှားသူက စာရေးသားတင်ပြ

By The Geneva Daily
14 October 2021
အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားရှိ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး UNHRC သို့ တက်ကြွလှုပ်ရှားသူက စာရေးသားတင်ပြ

အိန္ဒိယနိုင်ငံ၏ ဂျမူးနှင့် ကက်ရှ်မီးယား၌ အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေခြင်းနှင့် ယင်း‌ဒေသ၏ အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စရာ ကိစ္စရပ်များကို ထုတ်ဖော်ရန်အတွက် ပါကစ္စတန်ထိန်းချုပ်သည့် ကက်ရှ်မီးယားနယ်မြေမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် (UNHRC) ထံ စာရေးသားပေးပို့ခဲ့သည်။

“အဲဒီ ပစ်မှတ်ထား သတ်ဖြတ်မှုတွေမှာ ခံရတဲ့သူ အများစုဟာ ဟိန္ဒူနဲ့ ဆစ်ခ် လူနည်းစု အသိုင်းအဝိုင်းက လူတွေ ဖြစ်တယ်ဆိုတာ သတိပြုမိဖို့ အရေးကြီးပါတယ်၊ အောက်တိုဘာ ၅ ရက်က မာခန် လယ် ဘင်ဒရူး အမည်ရ ဒေသခံ ဆေးစပ်သမားတစ်ဦးဟာ ကက်ရှ်မီးယားက စရီနာဂါမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ အလားတူ တစ်နေ့တည်းမှာပဲ လမ်းဘေးစျေးသည်တစ်ဦးဖြစ်တဲ့ ဗီရန်ဒါ ပက်စ်ဝမ် နဲ့ အငှားယာဥ်ဂိတ်တစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မိုဟာမက် ရှာဖီ တို့လည်း ပစ်သတ်ခံခဲ့ရပါတယ်” ဟု ဂျမူးနှင့် ကက်ရှ်မီးယား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အစီအစဥ် ဥက္ကဋ္ဌ ဒေါက်တာ အမ်ဂျက်ဒ် အယွတ်ဘ် မီအာဇာက UNHRC ဥက္ကဋ္ဌ နာဇက်တ် ရှာမင်းန်ထံ ပေးပို့သည့် ၎င်း၏ စာထဲတွင် ပြောထားသည်။

“ဘင်ဒရူးဟာ ဟိန္ဒူ ကက်ရှ်မီးယား တစ်ဦး ဖြစ်ပါတယ်၊ သူဟာ ဟစ်ဇ်ဘူလ် မူဂျာဟစ်ဒင်နဲ့ ပါကစ္စတန် စပွန်ဆာပေးတဲ့ ဂျမူး ကက်ရှ်မီးယား လွတ်မြောက်ရေး တပ်ဦး တို့ရဲ့ အကြမ်းဖက်သမားတွေ လုပ်ဆောင်ခဲ့တဲ့ ၁၉၉၀ ကက်ရှ်မီးယား ဟိန္ဒူ တွေကို အစုအပြုံလိုက် သတ်မှုနဲ့ အစုအပြုံလိုက် ထွက်ခွာစေမှုတို့ ရှိခဲ့ပေမယ့်လည်း ကက်ရှ်မီးယားမှာပဲ ဆက်ရှိနေခဲ့တာပါ၊ ပက်စ်ဝမ်ကတော့ ဘီဟာ ပြည်နယ်က ဖြစ်တဲ့ လမ်းဘေး စျေးသည် တစ်ယောက်ပါ၊ နောက်ပြီး ရှာဖီကတော့ အငှားကား မောင်းသူဖြစ်သလို တက္ကစီဂိတ် ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်တဲ့ အိန္ဒိယလိုလားတဲ့ မွတ်ဆလင်တစ်ဦး ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောထားသည်။

ထို့ပြင် ဆစ်ခ်ဘာသာဝင် ကျောင်းအုပ်တစ်ဦးဖြစ်တဲ့ ဆုပင်ဒါ ကိုး အသတ်ခံရမှုနဲ့ အောက်တိုဘာ ၇ ရက်က စာသင်ကျောင်း ဥပစာမှာ ကက်ရှ်မီးယား ဟိန္ဒူ ကျောင်းဆရာ ဒီးပက်ခ် ချန်းဒ် ပစ်သတ်ခံရမှု ဖြစ်စဥ်တို့နှင့်ပတ်သက်၍လည်း ၎င်းက ကုလထံ အသိပေးခဲ့သည်။

“သူတို့ နှစ်ဦးစလုံးဟာ စရီနာဂါက အစ်ဒ်ဂါ ဆန်ဂမ်းမှာ ရှိတဲ့ အစိုးရ ယောကျ်ားလေး အဆင့်မြင့် အလယ်တန်းကျောင်းက ဆရာတွေဖြစ်ကြပါတယ်၊ စာသင်ကျောင်း တိုက်ခိုက်မှုကိုတော့ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ ခုခံတော်လှန်‌ရေးတပ်ဦးက လုပ်ခဲ့တယ်လို့ ပြောထားပါတယ်၊ မကြာသေးတဲ့ ဆယ်စုနှစ်တွေအတွင်း ကက်ရှ်မီးယား သမိုင်းမှာ သွေးထွက်သံယို ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အိမ်နီးချင်း ပါကစ္စတန်မှာ အခြေစိုက်တဲ့ အကြမ်းဖက်သမားတွေဟာ နယ်စပ်ထိန်းချုပ်မျဥ်းတစ်လျောက်ကနေ ဆက်လက် စိမ့်ဝင်ထိုးဖောက်ဝင်ရောက်ထားခဲ့ကြပြီး ဖျက်ဆီးရမ်းကားမှုကို ဖြစ်စေခဲ့ပါတယ်၊ ကက်ရှ်မီးယားမှာ စစ်ဆင်ရေး ဆောင်ရွက်ဖို့ တာဝန်ရှိတာကတော့ ရာဝယ်ပင်ဒီမှာ တပ်ချထားတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ အမှတ် ၁၀ တပ်မကြီး ဖြစ်ပါတယ်” ဟုလည်း ၎င်းက စာထဲတွင် ပြောခဲ့သည်။

“အမှတ် ၁၀ တပ်မကြီးမှာ ပြီးခဲ့တဲ့အပတ်က ကွပ်ကဲအုပ်ချုပ်မှုပိုင်း အပြောင်းအလဲ ဖြစ်ပြီးနောက်မှာ အရာကိစ္စတွေဟာ နောက်တစ်ကြိမ် ထိန်းချုပ်လို့ မရတဲ့ အခြေအနေတွေအဖြစ် စတင်ဖြစ်ပေါ်ထားခဲ့ပါတယ်၊ ဒါကြောင့် ဂျမူးနဲ့ ကက်ရှ်မီးယားမှာ လူနည်းစု အသိုင်းအဝိုင်းတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ခုနောက်ပိုင်း အရှိန်မြင့်လာမှုမှာ အမှတ် ၁၀ တပ်မကြီးရဲ့ တပ်မှူးအသစ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ဆာဟီအာ ရှမ်ရှက်ဒ် မီအာဇာရဲ့ အခန်းကဏ္ဍကိုလည်း စုံစမ်းစစ်ဆေးရပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

အာဖဂန်နစ္စတန်တွင် ကဘူးလ်မြို့ ကျသွားပြီး တာလီဘန်တို့၏ ထိန်းချုပ်မှုအောက် ရောက်ခဲ့ပြီးနောက်တွင် ‘ဂျီဟက် အကြမ်းဖက်သမား” ထောင်ချီသည် ပါကစ္စတန် သိမ်းပိုက်ထားသည့် ကက်ရှ်မီးယားသို့ ရောက်ရှိခဲ့ကြပြီး အိန္ဒိယ ပြည်ထောင်စုနယ်မြေ ဂျမူးနှင့် ကက်ရှ်မီးယားသို့ ထိုးဖောက်ဝင်ရောက်ရန် ခြေကုပ်သစ်တစ်ခု ရှိနေပြီဖြစ်ကြောင်း ဒေါက်တာ မီအာဇာက ပြောခဲ့သည်။

ဂျီဟတ်ဒီ ကွန်မန်ဒိုများနှင့် အသေခံဗုံးခွဲသမားများကို လေ့ကျင့်သင်ကြားမှုက ပန်ဂျပ်ဘ်ရှိ ပက်ဘီရှိ အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာတွင် လုပ်ဆောင်နေသည်ဟု ၎င်းက ပြောခဲ့သည်။ ၂၀၀၁ မှ ၂၀၂၁ ခုနှစ်အထိ တာလီဘန်တို့ကို အကူအညီပေးရာတွင် ပါကစ္စတန်၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးခြင်းအပြင် မိမိတို့ ဂျမူးနှင့် ကက်ရှ်မီးယား၌ အကြမ်းဖက်ဝါဒကို စပွန်ဆာပေးရာတွင် ပါကစ္စတန်၏ အခန်းကဏ္ဍကိုလည်း တစ်ပါတည်း စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုကြောင်း ၎င်းက ပြောခဲ့သည်။ အလားတူ ပါကစ္စတန်အပေါ် ကုလ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု အမြန်ဆုံး ချမှတ်ရေး အခိုင်အမာ အဆိုပြုသည်ဟုလည်း ၎င်းက UNHRC အကြီးအကဲထံ တောင်းဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly