အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးမည် မဟုတ်ဟု စစ်ကောင်စီ ပြော

အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးမည် မဟုတ်ဟု စစ်ကောင်စီ ပြော

အောက်တိုဘာ ၁၄

အာဆီယံ အထူးသံတမန် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အပေါ် ပိတ်ပင်ထားခြင်း မရှိသော်လည်း ၎င်းကို ဒေါ်အောင်ဆန်းစုကြည်နှင့်တော့ တွေ့ဆုံခွင့် ပြုမည် မဟုတ်ကြောင်းနှင့် အကြောင်းမှာ သူမသည် အမှုများနှင့် တရားစွဲဆိုခံထားရ၍ ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ထို့ပြင် စစ်ကောင်စီဘက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် အဆိုပြုထားသူကို အတည်ပြုရန် ကုလသမဂ္ဂဘက်က နှောင့်နှေးနေခြင်းကလည်း နိုင်ငံရေးအရ စေ့ဆော်တွန်းအားပေးခံရမှု ရှိနေခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ ကုလသမဂ္ဂနှင့် အခြားနိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ အရေးကိစ္စတွင် ပါဝင်ပတ်သက်ချိန်တွင် လိုသူအပေါ် တစ်မျိုး၊ မလိုသူအပေါ် တစ်မျိုးထားသည့် စံနှုန်းများကို ရှောင်သင့်ကြောင်း ၎င်းက ပြောခဲ့သည်။

စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် အာဆီယံအကြား ဧပြီလက သဘောတူထားခဲ့သည့် အာဆီယံဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ တိုးလာနေစဉ် အောက်တိုဘာ ၁၃ ရက် ရက်စွဲဖြင့် စစ်တပ်က အကျဉ်းရုံးထုတ်ပြန်ခဲ့သည့် ပြောရေးဆိုခွင့်ရှိသူ၏ မှတ်ချက်စကားများ ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ တုံ့ဆိုင်းမှုများ ဖြစ်ပေါ်ထားခဲ့သည်။ စစ်အာဏာသိမ်းမှုက ပြည်သူတို့ကို အမျက်ဒေါသထွက်စေခဲ့ပြီး အဆိုပါ အမျက်‌ဒေါသတို့သည် လက်ရှိအချိန်တွင်လည်း လျော့စဲခြင်း မရှိပေ။ ပြည်သူတစ်ချို့ဆိုလျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့ပြီး အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည်။

အာဆီယံ အစီအစဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ ပါဝင်ဖော်ဆောင်ရန် ပျက်ကွက်မှုက ပေးထားတဲ့ ကတိ ပြန်ရုပ်ပြီး နောက်ပြန်လှည့်နေသည့် သဘောသက်ရောက်နေခဲ့သလို အာဆီယံအဖွဲ့ဝင်တချို့ဆိုလျင် ယခုလတွင် ကျင်းပမည့် အာဆီယံထိပ်သီးတွေ့ဆုံပွဲ၌ မင်းအောင်လှိုင်ကို ဖယ်ထုတ်ထားရေးအတွက် ဆွေးနွေးမှုများ ရှိနေခဲ့သည်ဟု အာဆီယံအထူးသံတမန် အာရီဝမ် ယူဆွတ်ဖ်က ပြီးခဲ့သည့်အပတ်က ပြောခဲ့သည်။

အာရီဝမ်က ၎င်းသည် မြန်မာနိုင်ငံရှိ သက်ဆိုင်သူများနှင့် ညှိနှိုင်းတိုင်ပင်မှု လုပ်ခဲ့ပြီး ၎င်းအနေဖြင့် ဘက်လိုက်မှု မရှိဘဲ မြန်မာနိုင်ငံခရီးစဉ် လာနိုင်ရန် စောင့်မျှော်နေသည်ဟု ယခုအပတ်အစောပိုင်းတွင် ပြောခဲ့သည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်က လွတ်လပ်မျှတကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိုလည်း လျော်ညီစွာ ကိုင်တွယ်သွားလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သလို တရားသူကြီးချုပ်မှာလည်း ယခင်အစိုးရက ခန့်အပ်ထားခဲ့သူဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required