ပြင်သစ်နှင့် ကာကွယ်ရေးသဘောတူညီချက်စာချုပ်ကြောင့် ဂရိက တူရကီထက် ရေတပ်အင်အား သာလွန်မည်

ပြင်သစ်နှင့် ကာကွယ်ရေးသဘောတူညီချက်စာချုပ်ကြောင့် ဂရိက တူရကီထက် ရေတပ်အင်အား သာလွန်မည်

ဂရိနှင့် ပြင်သစ်တို့၏ ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်သည့် ပြင်သစ်၏ ဖရီးဂိတ် စစ်သင်္ဘောများကြောင့် ဂရိသည် တူရကီထက် ရေတပ်အင်အား ပိုမိုသာလွန်သွားနိုင်ပြီး အရှေ့ မြေထဲပင်လယ်တွင် အင်အားချိန်ခွင်လျှာ အပြောင်းအလဲတစ်ရပ်ကို ဖြစ်လာစေမည်ဟု ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

ဂရိနိုင်ငံသည် အောက်တိုဘာ ၇ ရက်က ပြင်သစ်နှင့် ရေးထိုးခဲ့သည့် ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်သည် နေတိုးအဖွဲ့ဝင် ၂ နိုင်ငံအကြား ပထမဆုံးရေးထိုးသည့် စာချုပ်ဖြစ်သည်။ ယခုစာချုပ်အရ အဆိုပါ ၂ နိုင်ငံအနေဖြင့် မဟာမိတ်မဟုတ်သည့် နိုင်ငံများမှ တိုက်ခိုက်လာမှုများကို တိုက်ခိုက်ရာတွင် အပြန်အလှန် ကူညီသွားမည်ဖြစ်သည်။

တူရကီနှင့် တင်းမာမှု ပြန်လည်ဖြစ်ပေါ်နေသည့် ဂရိအနေဖြင့် အရှေ့မြေထဲပင်လယ်တွင် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရန် ယခုသဘောတူစာချုပ်အရ ပြင်သစ်ထံမှ စစ်သင်္ဘော ၃ စင်းကို ဝယ်ယူမည်ဖြစ်သည်။

“FDI စစ်သင်္ဘောက ပဥ္စမမြောက် မျိုးဆက် တိုက်ခိုက်ရေးသင်္ဘောအမျိုးအစားဖြစ်ပြီး ရေတပ်အင်အား ကောင်းမွန်စေရေးနှင့် အခက်အခဲ အကျပ်အတည်းစီမံခန့်ခွဲရေးတို့အတွက် ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူ အန်ဒရာ့စ်မောင်ဇူရိုလီယက်စ်၏ ပြောကြားချက်ကို Tehran Times သတင်းဌာနတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly