တရုတ်သမ္မတ ရှီကျင့်ဖျင်အစိုးရက ကိုယ်ဝန်ဖျက်ချမည့် အမျိုးသမီးများအား အကျပ်ကိုင်

By The Times of Israel
14 October 2021
တရုတ်သမ္မတ ရှီကျင့်ဖျင်အစိုးရက ကိုယ်ဝန်ဖျက်ချမည့် အမျိုးသမီးများအား အကျပ်ကိုင်

ခန္ဓာကိုယ်များနှင့် လူဦးရေနိုင်ငံရေးကစားခြင်းအတွက် တရုတ်အမျိုးသမီးများသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ကိုရှုတ်ချလိုက်သည်။ ကွန်မြူနစ်များသည် လူဦးရေအများအပြားမလိုချင်သည့်အခါ အမျိုးသမီးများအား အတင်းအဓမ္မကိုယ်ဝန်ဖျက်ချခိုင်းခဲ့သည်။ ယခုလူဦးရေတိုးပွားမှုနှေးကွေးလာသည့်အခါ ကိုယ်ဝန်မဖျက်ချရဟုဆိုသည်။

တရုတ်အစိုးရသည် စက်တင်ဘာလကုန်က ၎င်း၏ညွှန်ကြားချက်အသစ်ကို ထုတ်ပြန်ခဲ့သည့်အချိန်မှစ၍ တရုတ်နိုင်ငံတွင် အံ့အားထိတ်လန့်မှုများနှင့် စိတ်ဆိုးဒေါသထွက်ခြင်းများရှိခဲ့သည်။ နိုင်ငံတော်ကောင်စီကအမျိုးသမီးနှင့်ကလေးများဆိုင်ရာ ညွှန်ကြားချက်အသစ်များအရ အမျိုးသမီးများကျန်းမာရေးတိုးတက်စေရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆေးဘက်ဆိုင်ရာမဟုတ်သော အကြောင်းပြချက်များအတွက် ကိုယ်ဝန်ဖျက်ချနှုန်းကိုလျှော့ချလိမ့်မည်ဟု

South China Morning Post ကဖော်ပြခဲ့သည်။ မည်သို့အောင်မြင်အောင်ပြုလုပ်မည်ဆိုသည်ကို မူဝါဒ၌ အသေးစိတ်ဖော်ပြမထားပေ။

တရုတ်၏ လူဦးရေမူဝါဒသည် အမြဲတစေအနိုင်ကျင့်ခံရသည်။ လူဦးရေတိုးနှုန်းမြန်ဆန်လွန်းသည်ဟု ယူဆသဖြင့် ၎င်းကိုထိန်းချုပ်ရန် ၁၉၇၉ခုနှစ်တွင်ကလေး ၁ ဦးမူဝါဒအဖြစ်စတင်ခဲ့သည်။ စည်းကမ်းဖောက်ဖျက်သောမိသားစုများကိုစီးပွားရေးပိတ်ဆို့မှုများအပါအဝင်ပြစ်ဒဏ်ပေးခဲ့ကြသည်။ သို့သော်အဆိုးဆုံးသောပြစ်ဒဏ်မှာကိုယ်ဝန်ဆောင်အမျိုးသမီးများအားအတင်းအဓမ္မကိုယ်ဝန်ဖျက်ချခိုင်းခြင်းဖြစ်သည်။

ငွေကြေးချမ်းသာသော တရုတ်များသည် ပေါ်လစီ၏ဆိုးရွားသောသက်ရောက်မှုများကို ရှောင်ရှားရန် တိုင်းပြည်မှထွက်ပြေးခဲ့ကြသည်။လူထောင်ပေါင်းများစွာထွက်ပြေးသွားကြသောကြောင့် နိုင်ငံအနေဖြင့် ကျွမ်းကျင်လုပ်သားများ၏ ဝန်ဆောင်မှုများ ကုန်ထုတ်စွမ်းအားအပေါ် သက်ရောက်ခဲ့ရသည်။ ထိုဆိုးရွားသောမူဝါဒကို၂၀၁၅တွင်ရပ်ဆိုင်းခဲ့သည်။

နောက်တစ်နှစ်တွင်ကလေး ၂ ဦးမူဝါဒကိုပြဋ္ဌာန်းပြန်သည်။တရုတ်နိုင်ငံတွင် ကလေး ၁ ယောက်ပြုစုပျိုးထောင်ရန် စရိတ်အလွန်ကြီးမားပြီး ကလေးပိုများခြင်းက စုဆောင်းမှုကိုနည်းစေနိုင်သည်။ ထို့ကြောင့် လူများကကလေး ၁ ဦးသာယူရန် ပိုမိုလိုလားကြသည်။

တရုတ်အစိုးရက ၅ နှစ်အကြာ မေလတွင် ကလေး ၃ ဦးမူဝါဒကိုစတင်ခဲ့သည်။ အစိုးရက လူဦးရေတိုးပွားမှုကို ပိုမိုမြန်ဆန်စေလိုသောကြောင့် ကလေး ၃ဦးအထိ မွေးခွင့်ပြုခဲ့သည်။

အစိုးရ၏ စိုးရိမ်ပူပန်မှုများစွာသည် ၂၀၂၀ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်စာရင်းရလဒ်များမှ အစပြုခဲ့သည်။ ၎င်းစာရင်းအရ ၂၀၂၀ ပြည့်နှစ်တွင် ကလေး၁၂သန်းခန့်သာ မွေးဖွားခဲ့ပြီး၂၀၁၆ခုနှစ်က မွေးဖွားမှုဖြစ်သည့် ၁၈သန်းအောက် သိသိသာသာကျဆင်းခဲ့သည်။

ဒုတိယစိုးရိမ်ပူပန်မှုမှာ အသက်၁၆မှ၅၉ကြားရှိ တိုင်းပြည်၏အလုပ်လုပ်နိုင်သော လူဦးရေကျဆင်းနေခြင်း ဖြစ်သည်။၂၀၁၀ပြည့်နှစ် သန်းခေါင်စာရင်းနှင့် နှိုင်းယှဉ်ပါက လူဦးရေသန်း၄၀အထိလျော့ကျခဲ့သည်။ ထိုကဲ့သို့သောကျဆင်းမှုများသည် တိုင်းပြည်စီးပွားရေးတိုးတက်မှုအလားအလာအပေါ် အကန့်အသတ်ဖြစ်စေလိမ့်မည်ဟု အစိုးရက ခံစားမိသည်။

တတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ သက်ကြီးပိုင်း လူဦးရေမြင့်တက်နေသည်ကို သန်းခေါင်စာရင်းကိန်းဂဏန်းများက ပြသနေသည်။ အသက်၆၀နှင့်အထက်လူဦးရေ ၂၆၄သန်းနီးပါးရှိပြီး နိုင်ငံ့လူဦးရေ၏၁၈ဒသမ၇ရာခိုင်နှုန်းနှင့်ညီမျှသည်။

လူ့အခွင့်အရေးအဖွဲ့Amnesty International က မူဝါဒသည် “ယခင်ကဲ့သို့ပင်လိင်နှင့် မျိုးပွားမှုဆိုင်ရာအခွင့်အရေးများကိုချိုးဖောက်နေဆဲဖြစ်သည်”ဟုဆိုသည်။

၎င်းအဖွဲ့၏ တရုတ်နိုင်ငံဆိုင်ရာခေါင်းဆောင်ဂျော့ရှုဝါ ရိုဇန်ဝေက “အစိုးရတွေမှာပြည်သူတွေ ကလေးဘယ်နှစ်ယောက် ယူရမလဲဆိုတာထိန်းချုပ်တဲ့ လုပ်ငန်းမရှိပါဘူး။ မွေးဖွားမှုမူဝါဒကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ့်အစားတရုတ်အနေနဲ့ လူတွေရဲ့ ဘဝရွေးချယ်မှုကို လေးစားပြီးပြည်သူတွေရဲ့မိသားစုစီမံကိန်းဆုံးဖြတ်ချက်အပေါ် ကျူးကျော်ဒဏ်ခတ်တဲ့ ထိန်းချုပ်မှုတွေကိုအဆုံးသတ်သင့်ပါတယ်” ဟု စက်တင်ဘာညွှန်ကြားချက်အပြီး နိုင်ငံတကာသတင်းမီဒီယာများအားပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly