မုံရွာမြို့လယ် မီးပွိုင့်အနီး ဗုံးပေါက်ကွဲရာ စည်ပင်၀န်ထမ်းသေဆုံး

By ပါခွီး
14 October 2021
မုံရွာမြို့လယ် မီးပွိုင့်အနီး ဗုံးပေါက်ကွဲရာ စည်ပင်၀န်ထမ်းသေဆုံး

အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့လယ်‌ အလယ်ရပ် မီးပွိုင့်အနီးရှိ အမှိုက်ပုံးတွင် ယနေ့ ( အောက်တိုဘာ ၁၄ရက်) နံနက်၇ နာရီ ဝန်းကျင်အချိန်တွင် ဗုံးပေါက်ကွဲရာ စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

အမှိုက်များအား စည်ပင်ကားပေါ်တင်နေသည့် အချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကားနောက်ပိုင်း ထိခိုက်မှုနှင့် ဝန်ထမ်းများ ပြင်းထန်ဒဏ်ရာရရှိကာ တစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက်၁၅နှစ်ဝန်းကျင် ကိုရွှေလုံး ဖြစ်ပြီး ဖြတ်နေသည့်ဖခင်ကိုလုပ်ကိုင်ကျွေးမွေးနေ သည်တဉီးဖြစ်သည်။ ယခင်က စည်ပင်ဝန်ထမ်းဖြစ်ဘူးပြီး မိသားစုစားဝတ်နေရေးခက်ခဲမှုကြောင့် တနေ့ ၅၀၀၀ ဖြင့် နေစားလုပ်ကိုင်နေသူတဉီးဖြစ်သည်။

"ဒါက စစ်ကောင်စီလက်ချက်ဖြစ်နိုင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မုံရွာပင်မ သပိတ်စစ်ကြောင်းက မြို့လယ်ခေါင်မှာ ဆန္ဒပြတာ ခဏခဏလုပ်တော့ ဆန္ဒမပြရဲအောင် ခြိမ်းခြောက်ဖောက်ခွဲလိုက်တာ လို့မြင်တယ်” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးမှ ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အမှိုက်လာသိမ်းသည့် စည်ပင်ဝန်ထမ်း လေးဦးအနက် တစ်ဦး သေဆုံးသွားပြီး တစ်ဦးလက်ပြတ်သွားကာ ကျန်နှစ်ဦးမှာ ဒဏ်ရာရှိသွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးအားကိုးကားပြီး မုံရွာမြို့အခြေစိုက် Regional News Agency (RNA) အွန်လိုင်းမီဒီယာတွင်လည်း ရေးသားဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ယင်းမြို့လယ် မီးပွိုင့်အနီးတွင် အောက်တိုဘာလ ၁၁ရက်နေ့က မုံရွာပင်မသပိတ်စစ်ကြောင်း ဆန္ဒပြရန် စုစည်းနေသူများအား စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် ကြိုးစားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly