ချင်းတော်လှန်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေ

By ပါခွီး
13 October 2021
ချင်းတော်လှန်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေ

အောက်တိုဘာ ၁၃

ချင်းပြည်နယ်တွင် ချင်း အမျိုးသား ကာကွယ်ရေးတပ် (CDF -ဟားခါး)နှင့် ချင်းအမျိုးသားတပ်မတော် (CNA)တို့ ပူးပေါင်း တပ်ဖွဲ့သည် ယနေ့ (အောက်တိုဘာ ၁၃ ရက်) မနက် ၉ နာရီတွင် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးသည်ဟု CDF ဟားခါးထံမှ သိရသည်။

ဖလမ်းမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးယူရန် ဟာခါးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်သည် နီလောန်ရွာအနီးတွင် မိုင်းဖာက်ခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဒေသခံ လက်နက်ကိုင်တပ်များဘက်က အထိအခိုက်မရှိကြောင်းသိရသည်။

“ချင်းပြည်နယ်ကို အခုလို စစ်အလွန်အကျွံသုံးတာဟာ ဦးနှောက်မမှန်တဲ့သားလေးက အဖေကို ပြန်သတ်သလို၊ ထမင်းရှင် ပြည်သူတွေကို မွေးစားခွေးက အကြီးအကျယ်ပြန်ကိုက်သတ်နေသလိုပဲ။ ဒီနာကြည်းချက်တွေက ပြည်ထောင်စု အားလုံးပြိုကွဲစေနိုင်တယ်။ နှစ်ပေါင်းများစွာ စစ်ခွေးတွေက ကြွေးကြော်လာတဲ့ ဒို့တာဝန် အရေးသုံးပါးလည်း မျှော်လင့်စရာမရှိဘူး။ အားလုံးပြိုကွဲမယ်။ ငါတို့က အမှန်တရားနဲ့ စိတ်ဓာတ်နဲ့နိုင်ပါပြီ။ အားလုံး ပူးပေါင်းရင်မကြာတော့ပါဘူး” ဟု CDFဟားခါးမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်မှ မဇ္ဈိမ ကိုပြောသည်။

ဖောက်ခွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်မှ ပတ်ဝန်းကျင်အား ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီမှ ချင်းပြည်နယ်အနှံ့တွင် စစ်အင်အားများ တိုးချဲ့လာနေသည့်အတွက် တိုက်ပွဲများ ပြင်းထန် လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required