မက်ဆီရဲ့ တစ်နေ့တာ လည်ပတ်ပုံနှင့် လေ့ကျင့်ရေးအစီအစဉ်

မက်ဆီရဲ့ တစ်နေ့တာ လည်ပတ်ပုံနှင့် လေ့ကျင့်ရေးအစီအစဉ်

မက်ဆီဆိုတာ လက်ရှိဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးဘောလုံးသမားလို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ခန္ဓာကိုယ်အရွယ်အစားက ဥရောပဘောလုံးသမားတွေထက် သေးငယ်ပေမယ့်လည်း သူ့ရဲ့ ပိုင်နိုင်လွန်းတဲ့ ဘောလုံးကျွမ်းကျင်မှုနဲ့ လျင်မြန်မှုတွေကြောင့် ဘယ်နောက်ခံကစားသမားကမှ ထိန်းချုပ်နိုင်ခြင်း မရှိသူဖြစ်ပါတယ်။ မက်ဆီရဲ့ ဘောလုံးကျွမ်းကျင်မှုက အများနဲ့မတူ တစ်မူထူးခြားနေတာကြောင့် တစ်ကမ္ဘာလုံးက သူ့ကို ပါရမီရှင် ဘောလုံးသမားလို့ သတ်မှတ်ကြပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့အမြင်မှာလည်း မက်ဆီက ပါရမီရှင်တစ်ယောက်ပါပဲ။ ဒါပေမဲ့ ပါရမီရှိတိုင်း ထိပ်တန်းအဆင့်မှာ အချိန်အကြာကြီး ရပ်တည်နိုင်တာတော့ မဟုတ်ပါဘူး။ မက်ဆီလဲ ဒီလိုပါပဲ။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ လက်ရှိဘောလုံးကမ္ဘာမှာ ပါရမီတစ်ခုတည်းနဲ့တော့ မရှင်သန်နိုင်ပါဘူး။ မက်ဆီလည်း အခြားဘောလုံးသမားတွေနည်းတူ နေ့စဉ်ပုံမှန် လေ့ကျင့်မှုတွေကိုတော့ ပြုလုပ်ရတာပါပဲ။ ဒါကြောင့် မက်ဆီရဲ့ တစ်နေ့တာ လည်ပတ်ပုံ၊ လေ့ကျင့်ရေးအစီအစဉ်တွေကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

မက်ဆီရဲ့ တစ်နေ့တာလည်ပတ်ပုံ

မက်ဆီဟာ နေ့စဉ်ပုံမှန် နံနက် ခြောက်နာရီခွဲမှာ အိပ်ယာထလေ့ရှိပါတယ်။ အဲ့ဒီနောက် မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး မနက်စာ စားပါတယ်။ မနက်စာ စားတဲ့အခါမှာ ပေါင်မုန့်မီးကင်နဲ့ လိမ္မော်ရည်ကို အဓိက စားသောက်လေ့ရှိပါတယ်။ စားသောက်ပြီးတဲ့ အခါမှာတော့ မက်ဆီဟာ လေ့ကျင့်ရေးကွင်းကို သွားပါတယ်။

လေ့ကျင့်ရေးကွင်းကိုသွားတဲ့ အခါမှာ ကိုယ်တိုင်ပဲကားမောင်းသွားလေ့ ရှိပါတယ်။ အဲ့ဒီလိုကားမောင်းတဲ့ အချိန်မှာ အတတ်နိုင်ဆုံးစိတ်ကို အေးဆေးတည်ငြိမ်နေအောင်ထားတယ်လို့ မက်ဆီက ပြောပါတယ်။ 'ကျွန်တော် ကားမောင်းရတာကို ကြိုက်ပါတယ်။ ဒါက လေ့ကျင့်ရေးကွင်းကိုမရောက်မီ အပန်းဖြေနည်းတစ်မျိုးဖြစ်ပြီး တကယ်ကိုကောင်းပါတယ်။ ဒါက ပြိုင်ပွဲတစ်ခုမကစားမီ အနေအထားနဲ့လည်း တူပါတယ်။ လေ့ကျင့်ရေးကွင်းကိုသွားတဲ့အခါမှာ ကျွန်တော်ဟာ လမ်းတစ်ခုတည်းကနေပဲ အမြဲသွားပါတယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှုကို အကူအညီပေးပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော့်ကို ပရိသတ်တွေ အမှတ်တမဲ့ တွေ့ရှိသွားပြီး အံ့သြသွားတာကလည်း သဘောကျစရာ ကောင်းပါတယ်' လို့ မက်ဆီက ဆိုပါတယ်။

လေ့ကျင့်ရေးကွင်းကို ရောက်တဲ့ အခါမှာတော့ မက်ဆီဟာ အသင်းဖော်တွေနဲ့ စကားစမြည်ပြောဆိုပြီးတဲ့နောက် လေ့ကျင့်မှုကို စတင်ကြပါတယ်။ တစ်ချို့က gym ကစားကြတဲ့သူတွေရှိသလို တစ်ချို့ကလည်း ကြံ့ခိုင်ရေးမှူးနဲ့ စစ်ဆေးလေ့ကျင့်ကြပါတယ်။ ဒီလိုပြုလုပ်သူတွေက ဒဏ်ရာ အနည်းငယ်ရှိနေတဲ့သူတွေလည်း ဖြစ်ပါတယ်။

လေ့ကျင့်မှုတွေပြီးဆုံးတဲ့ အခါမှာတော့ မက်ဆီဟာ အိမ်ကို ပြန်လာခဲ့ပြီး ဇနီးဖြစ်သူကို နေ့လည်စာအတွက် ဝိုင်းဝန်းကူညီပေးပါတယ်။ နေ့လည်စာ စားပြီးတဲ့ နောက်မှာတော့ မက်ဆီဟာ တစ်ရေးတစ်မော ခဏအိပ်စက်ပါတယ်။ အိပ်ယာက ပြန်နိုးတဲ့ အခါမှာတော့ မက်ဆီဟာ သားငယ် တီယာဂိုနဲ့အတူ ခဏဆော့ကစားပြီး ညနေပိုင်းမှာ လေ့ကျင့်ရေးကွင်းကို တစ်ခေါက်ပြန်သွားပြီး လေ့ကျင့်ပြန်ပါတယ်။

ညနေပိုင်း လေ့ကျင့်ရေးပြီးသွားခဲ့ရင်တော့ အိမ်ကို ပြန်လာပြီး မိသားစုကို အချိန်ပေးပါတယ်။ ပြီးရင်တော့ ညစာစားကာ စောစောအိပ်ယာဝင်လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ ဇနီးဖြစ်သူနဲ့ အပြင်ကို ထွက်လည်လေ့ရှိပြီး တစ်ခါတစ်ရံမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတတ်ပါတယ်။

ပွဲကစားဖို့ ရှိတဲ့ နေ့တွေ့မှာတော့ နံနက်ပိုင်းအပေါ့စားလေ့ကျင့်ခန်းတွေကိုသာ ပြုလုပ်ပြီး ညပိုင်းမှာ ပွဲကစားကာ ပွဲအပြီးမှာတော့ ပုံမှန်အတိုင်းပဲ အိမ်ပြန်ကာ ပုံမှန်အလုပ်တွေကိုလုပ်ပြီး အနားယူပါတယ်။

မက်ဆီ၏ပုံမှန်လေ့ကျင့်ခန်းများ

မက်ဆီဟာ နေ့စဉ်ပုံမှန်လေ့ကျင့်ရေး အစီအစဉ်နှစ်ခုကို မဖြစ်မနေလုပ်လေ့ရှိပါတယ်။ ပထမတစ်ခုက ကြံ့ခိုင်မှုလေ့ကျင့်ရေး အစီအစဉ်ဖြစ်ပါတယ်။ အဲ့ဒီလေ့ကျင့်ရေးအစီအစဉ်မှာ ကြိုးခုန်တာ၊ တန်းကျော်ပြေးတာတွေနဲ့ ဖားခုန်ခုန်တာတွေပါဝင်ပါတယ်။ ပြေးအားနှုန်းနဲ့ သက်လုံ ကောင်းစေဖို့အတွက် တာတိုပြေးနဲ့ အပြေးလေ့ကျင့်ခန်းတွေကိုလည်း လုပ်ပါတယ်။ ပြေးတဲ့အခါမှာလည်း ကွင်းအတွင်းမှာ သတ်မှတ်ထားတဲ့ ပုံစံအမျိုးမျိုးနဲ့ ပြေးပြီးလေ့ကျင့်ပါတယ်။

ဒုတိယလေ့ကျင့်ရေးအစီအစဉ်ကတော့ ရွေ့လျားမှု မြန်ဆန်ဖို့နဲ့ အထတွေ အရှိန်တွေမြန်ဆန်စေဖို့အတွက် ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းမှာတော့ တိုင်တွေကြားဘယ်ညာယိမ်းပြေးရတာတွေ၊ တန်းအနိမ့်သုံးခုကို ပုံမှန်နဲ့ အမြန် ဘယ်ညာခုန်ကျော်တာတွေ၊ ခြေစုံခုန်ကျော်တာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် Mirror drill လို့ခေါ်တဲ့ ကိုယ့်ရှေ့က လေ့ကျင့်ဘက်တစ်ယောက်ကို ဖြတ်ကျော်ရတာတွေ ပါဝင်ပါတယ်။

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီးသွားချိန်မှာတော့ မက်ဆီဟာ ယောဂဆရာ ရော့ဒ်နေရီရဲ့ ယောဂလေ့ကျင့်ခန်းကို ပြုလုပ်ပါသေးတယ်။ စိတ်ရဲ့ တည်ငြိမ်မှုနဲ့ ခန္ဓာကိုယ်ရဲ့ နုပျိုလန်းဆန်းမှုကို ရရှိဖို့အတွက် ယောဂလေ့ကျင့်ခန်းကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။

မက်ဆီရဲ့ ပြိုင်ပွဲမတိုင်ခင် စားသာက်ပုံ

ပြိုင်ပွဲမတိုင်ခင် ၁ ရက်အလိုမှာ မက်ဆီဟာ ငါး၊ ပုဇွန်၊ ကြက်သား၊ တို့ကို အဓိက စားသုံးပါတယ်။ ပြီးတော့ ပူပူနွေးနွေး အာလူး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ လိမ္မော်သီးတွေကို စားသုံးပါတယ်။ ပြိုင်ပွဲ ကစားဖို့ ခြေက်နာရီအလိုလောက်မှာတော့ စားသောက်ခြင်းထက် အိပ်စက်ခြင်းကို မက်ဆီက ပိုပြီး ဂရုစိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကောင်းကောင်းအနားယူပါတယ်။ ဂျုံ၊ စပါးနဲ့ ပြုလုပ်တားတဲ့ ကာဗွန်ဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို အဲ့ဒီအချိန်မှာ စားသောက်ခြင်း ရှောင်ကျဉ်ပါတယ်။ အဲ့ဒီအစားအစာတွေက ခန္ဓာကိုယ်ကို နှေးကွေးသွားစေလို့ပါ။ တစ်ခါတစ်ရံတော့ ပရိုတိန်းနဲ့ ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေ အချိုးအစားမျှတတဲ့ ဥတွေကို စားသုံးလေ့ရှိပါတယ်။

ပြိုင်ပွဲကစားဖို့ မိနစ် ၉၀ လောက်အလိုမှာတော့ မက်ဆီဟာ အသီးတွေကို အဓိက စားသုံးပါတယ်။ အဲ့ဒီအချိန်မှာ ငှက်ပျောသီး၊ သရက်သီး၊ ပန်းသီး စတဲ့ အသီးတွေကို စားပါတယ်။ အမျှင်ဓာတ်ပါတဲ့ အသီးတွေကလည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်လို့ မက်ဆီ စားသုံးလေ့ရှိပါတယ်။ ဒါကတော့ မက်ဆီရဲ့ ပြိုင်ပွဲမတိုင်ခင် စားသောက်နေထိုင်မှု ဖြစ်ပါတယ်။

နိဂုံးအနေနဲ့ ပြောချင်တာကတော့ မက်ဆီဟာ ပါရမီရှင်ဘောလုံးသမားပါ။ ဒါပေမဲ့ သူဟာလည်း လူထဲက လူတစ်ဦးဖြစ်လို့ ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်ဖို့ကို အထက်မှာ ဖော်ပြခဲ့သလို နေထိုင်စားသောက်ပုံတွေကို ဂရုစိုက်ရပြီး လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ပုံမှန် ပြုလုပ်ရပါတယ်။

ဒီလိုစည်းကမ်းရှိရှိနဲ့ စောင့်စည်းထိန်းသိမ်းတာကြောင့်ပဲ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်ရရှိထားပြီး လက်ရှိအဆင့်မှာ မက်ဆီ ရပ်တည်နေတယ်ဆိုတာ ရှင်းလင်းပါတယ်။ အဲ့ဒီတော့ လူငယ်တွေအနေနဲ့လည်း ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ရရှိလိုတယ်ဆိုရင် အနေအထိုင်အစားအသောက်ကအစ ဂရုစိုက်ဖို့ အရေးကြီးသလို၊ လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း မပျင်းမရိဖို့ လိုအပ်တယ်ဆိုတာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီက သက်သေပဲ ဖြစ်ပါတယ်။

ဝန်ခံချက် - healthyceleb နှင့် fourfourtwo ဝက်ဘ်ဆိုက် တို့မှ အချက်အလက်များကို ကိုးကား ရေးသားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly