သမင် လည်ပင်းမှာ ၂ နှစ်ကြာ စွပ်မိနေတဲ့ တာယာကွင်းကို ဖယ်ရှားပေးနိုင်ခဲ့

သမင် လည်ပင်းမှာ ၂ နှစ်ကြာ စွပ်မိနေတဲ့ တာယာကွင်းကို ဖယ်ရှားပေးနိုင်ခဲ့

အောက်တိုဘာ ၁၃

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာ လည်ပင်းမှာ တာယာကွင်းတစ်ကွင်း စွပ်မိလျက်သားနဲ့ နှစ်နှစ်နီးပါးကြာ တောအုပ်ထဲ လှည့်လည်ကျက်စားနေခဲ့တဲ့ သမင်ကြီးတစ်ကောင်ဟာ ယခုအခါမှာတော့ ယင်းရဲ့ ဝန်ထုပ်ဝန်ပိုးကနေ လွတ်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိတွေဟာ အဆိုပါ သမင်ကြီးရဲ့ လည်ပင်းမှာ စွပ်မိနေတဲ့ တာယာကွင်းကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့ဟာ တာယာကွင်းကို ချွတ်ပေးဖို့အတွက် သမင်ကြီးကို မေ့ဆေးပေးပြီး ယင်းရဲ့ ဦးချိုတွေကို ဖြတ်တောက်ခဲ့ရပါတယ်။ တာယာအတွင်းထဲက သံမဏိကွင်းတစ်ခုကို ၎င်းတို့ လွှနဲ့တိုက် ဖြတ်လို့ မရနိုင်တာကြောင့် ခုလိုမျိုး သမင် ဦးချိုတွေကို ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အလေးချိန် ပေါင် ၆၀၀ (၂၇၀ ကီလို) ရှိတဲ့ အဆိုပါ သမင်ကြီးကိုတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း  အကြိမ်ရေအနည်းငယ် မြင်တွေ့ခဲ့ပေမယ့် ယင်းဟာ အချိန်တော်တော်များများမှာ ရှာရခက်လောက်အောင် ရှောင်တိမ်းကျက်စား နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

ယင်းသမင်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ညနေပိုင်းမှာ ရှာတွေ့ခဲ့ပြီး တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိတွေက မေ့ဆေးမြားနဲ့ တစ်ချက်တည်းပစ်ပြီး မေ့ဆေးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သမင်ကြီးရဲ့ လည်ပင်းကတော့ ပွန်းရှမှုတွေ ဖြစ်ထားတာကလွဲလို့ အများအားဖြင့်တော့ ကောင်းမွန်တဲ့ ပုံစံမှာ ရှိတယ်လို့ ဆိုပါတယ်။

“အမွှေးတစ်ချို့ ရှင်းထုတ်ခဲ့ရာမှာ ပိုက်ဆံအကြွေစေ့ အရွယ်လောက် ရှိတဲ့ ဒဏ်ရာအသေးစားတစ်ခု ရှိတာကို တွေ့ခဲ့ရပါတယ်၊ ဒါကလွဲလို့ ကျန်တာအားလုံးကောင်းပါတယ်” လို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိ စကော့တ် မာဒို့ချ်က ပြောခဲ့ပါတယ်။

တာယာကွင်းနဲ့ အတွင်းပိုင်း အညစ်အကြေး အစအနတွေနဲ့အတူ ဦးချိုတွေကို ဖယ်ထုတ်ပေးခဲ့တဲ့နောက်မှာ သမင်ကြီးဟာ အလေးချိန် ၃၅ ပေါင်လောက် လျော့သွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လက အီဗန်စ် တောင် အမည်ရ ဧရိယာတစ်ခုမှာ သိုးတွေနဲ့ တောင်ဆိတ်တွေကို စာရင်းကောက်ခဲ့စဉ်မှာပဲ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိတစ်ယောက်က အဆိုပါ လည်ပင်းတာယာစွပ်နေခဲ့တဲ့ သမင်ကို ပထမဆုံးတွေ့ခဲ့တာ ဖြစ်ပါတယ်။

ယင်းအချိန်က အဆိုပါ သမင်ဟာ နှစ်နှစ်သား အရွယ်လောက်ပဲ ရှိသေးတယ်လို့ ယူဆရပြီး အလွန်ငယ်သေးပြီး ဦးချိုတွေ မပေါက်သေးခင်မှာ ဦးခေါင်းမှာ တာယာကွင်း စွပ်မိခဲ့တာ ဖြစ်လိမ့်မယ်လို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

“သမင်တွေ၊ ဝက်ဝံတွေနဲ့ အခြား တိရစ္ဆာန်တချို့ဟာလည်း ကြိုးပုခက်၊ အဝတ်တန်းတွေ၊ ပရိဘောဂတွေ၊ အဝတ်ခြင်းတွေ၊ ဂိုးပိုက်တွေ ဒါမှမဟုတ် ဘောလီဘောပိုက်တွေ၊ တာယာတွေ စတာတွေလိုမျိုး လူလုပ် ပစ္စည်းတွေနဲ့ ငြိတွယ်စွပ်မိလျက်သား ဖြစ်နေတာတွေကို အရင်ကလည်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ရှိသူတွေ မြင်တွေ့ခဲ့တာတွေ ရှိပါတယ်” လို့လည်း ယင်းထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly