ဆိုမာလီနဲ့ ရေပိုင်နက် အငြင်းပွားမှု ICJ ဆုံးဖြတ်ချက် ကင်ညာ ပယ်ချ 

ဆိုမာလီနဲ့ ရေပိုင်နက် အငြင်းပွားမှု ICJ ဆုံးဖြတ်ချက် ကင်ညာ ပယ်ချ 
Photo - AFP

အောက်တိုဘာ ၁၃

အိန္ဒိယသမုဒ္ဒရာအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝစွာ ရှိနေနိုင်တဲ့ ပင်လယ်ပြင်ပိုင်နက်အရေးနဲ့ ပတ်သက်ပြီး ကင်ညာနိုင်ငံနဲ့ ပြင်းထန်စွာ တရားရင်ဆိုင်နေတဲ့ အငြင်းပွားမှုမှာ ရေပြင်ပိုင်နက် အများစုကို ဆိုမာလီနိုင်ငံက ထိန်းချုပ်ပိုင်ခွင့် စီရင်ချက်ကို ကုလသမဂ္ဂ ထိပ်တန်းတရားရုံးက ချမှတ်လိုက်ပါတယ်။ 

နိုင်ငံတကာ တရားစီရင်ရေးရုံး ICJ ရဲ့ စီရင်ချက်အရ အရှေ့အာဖရိကကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်က အငြင်းပွား ရေပိုင်နက်ရဲ့ အစိတ်အပိုင်းငယ်လေးပဲ ရရှိတဲ့ ကင်ညာနိုင်ငံအတွက်တော့ ထိုးနှက်ချက် ဖြစ်နေပါတယ်။ 

ICJ ရဲ့ ဆုံးဖြတ်ချက်ကို ကင်ညာသမ္မတ အူဟူးရူး ကင်ယက်တာက ရှုတ်ချပြီး သူ့အစိုးရအနေနဲ့ အလုံးစုံ ပယ်ချကြောင်းနဲ့ သည်ဟိတ်မြို့ အခြေစိုက် ICJ ရဲ့ စီရင်ချက်က တွေ့ရှိချက်တွေကိုလည်း အသိအမှတ်မပြုကြောင်း ပြောပါတယ်။ 

ဘက်လိုက်တဲ့ တရားရုံးရဲ့ အာဏာကို အသိအမှတ်မပြုလို့ ကင်ညာနိုင်ငံက ငြင်းပယ်လိုက်တာနဲ့အတူ ကမ္ဘာ့မှာ ပြဿနာအများဆုံး ဒေသတွေက တစ်ခုဖြစ်တဲ့ ဒီ ရေပိုင်နက်အရေးမှာ ကင်ညာနိုင်ငံက နောက်ထပ် ဘာတွေ လုပ်လာမယ်ဆိုတာကို အားလုံးက စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ 

ဆိုမာလီနိုင်ငံကတော့ ‘နိုင်ငံတကာ ဥပဒေစိုးမိုးရေးကို လေးစားဖို့’ ကင်ညာနိုင်ငံကို တိုက်တွန်းပြောဆိုပါတယ်။ 

အတင်းအကျပ် ရေပြင်နယ်နမိတ် သတ်မှတ်တာကို သဘောတူညီခဲ့တာ မဟုတ်ဘဲ ဆိုမာလီက အဆိုပြုထားတဲ့ နေရာအနီး နယ်နမိတ်သစ် ရေးဆွဲခဲ့တာ ဖြစ်ပြီး တရားသူကြီးတွေအားလုံး တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

တရားရုံးအနေနဲ့ မှန်ကန်စွာ နယ်သတ်မျဉ်း သတ်မှတ်နိုင်ပြီး သင့်တင့်တဲ့ ဖြေရှင်းမှုကို ဖော်ဆောင်နိုင်လို့ ကျေနပ်မိတယ်လို့ စီရင်ချက်အကျဉ်းချုပ်ကို ဖတ်ကြားရာမှာ တရားသူကြီးချုပ် ဂျုံး ဒေါ်နော့ဟူက ပြောပါတယ်။ 

ရေကြော စတုရန်းကီလိုမီတာ ၁၀၀၀၀၀ နဲ့ပတ်သက်ပြီး အငြင်းပွားမှုကို  ဖြေရှင်းနိုင်ရေး နှစ်အတော်ကြာ ကြိုးစားပေမယ့် မအောင်မြင်တဲ့နောက်မှာ ဆိုမာလီနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ကင်ညာကို ICJ တရားရုံးမှာ အမှုစွဲတင်ခဲ့တာ ဖြစ်ပါတယ်။ 
ICJ ရဲ့ စီရင်ချက်ဟာ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်သလို အယူခံဝင်ခွင့်လည်း မရှိပါ။ ဒါပေမဲ့ ကုလသမဂ္ဂနိုင်ငံတွေကြားက အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ဒုတိယကမ္ဘာစစ်အပြီး တည်ထောင်ခဲ့တဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ အာဏာတည်စေရမယ်ဆိုတာမျိုးတော့ မဟုတ်ပါ။ 

ဒါပေမဲ့ စီရင်ချက်ကို နိုင်ငံတစ်နိုင်ငံက မလိုက်နာရင် ကျန်တဲ့ နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်သွင်းနိုင်ခွင့် ရှိထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly