အီးယူ-ယူကရိန်း ထိပ်သီးအစည်းအဝေးမှာ ရုရှဓာတ်ငွေ့ပိုက်လိုင်း အငြင်းပွားမှုက အရိပ်လွှမ်း 

အီးယူ-ယူကရိန်း ထိပ်သီးအစည်းအဝေးမှာ ရုရှဓာတ်ငွေ့ပိုက်လိုင်း အငြင်းပွားမှုက အရိပ်လွှမ်း 
Photo - AFP

အောက်တိုဘာ ၁၃

စွမ်းအင်မှာ ရုရှအပေါ် အီးယူက ပိုပြီး မှီခိုအားထားနေရမယ့် ယူကရိန်းနိုင်ငံကို ရှောင်ကွင်းသွယ်တန်းတဲ့ အငြင်းပွားဖွယ် ရုရှဓာတ်ငွေ့ပိုက်လိုင်းသစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသူ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ အီးယူခေါင်းဆောင်တွေဟာ အင်္ဂါနေ့မှာ တွေ့ဆုံကြပါတယ်။ 

ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်မှာ ကျင်းပမယ့် အီးယူ-ယူကရိန်း ထိပ်သီးအစည်းအဝေးအတွက် ရောက်ရှိလာကြတဲ့ ဥရောပသမဂ္ဂကောင်စီ အကြီးအကဲ ချားလ်စ် မီရှဲလ်နဲ့ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အူဆူလား ဗွန် ဒါ လိန်းတို့ကို သမ္မတ ဇီလန်စကီးက ကြိုဆိုလက်ခံပါတယ်။ 

ဥရောပမှာ ဓာတ်ငွေ့ဈေးတွေ ထောင်တက်ပြီး အရန်သိုလှောင်မှု ကျဆင်းတာကြောင့် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် အီးယူ-ယူကရိန်း ထိပ်သီးအစည်းအဝေးကို ကျင်းပဖို့ ရှိလာတာလည်း ဖြစ်ပါတယ်။ 

ရုရှကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးသမားတွေနဲ့ နှစ်ကြာရှည် စစ်ခင်းနေရတဲ့ ယူကရိန်းအရေးနဲ့ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေဟာ အခု ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးမယ့် အစီအစဉ်ထဲ ပါဝင်ထားပြီးဖြစ်ပေမယ့် လက်ရှိ ဓာတ်ငွေ့အကျပ်အတည်းကပဲ ဆွေးနွေးပွဲတွေရဲ့ အဓိက ခေါင်းစဉ်ဖြစ်လာဖို့ ရှိပါတယ်။ 

“ဒီ ထိပ်သီးအစည်းအဝေးဟာ တော်တော်လေး တင်းမာနေတဲ့ အခြေအနေမှာ ကျင်းပမယ့် အစည်းအဝေးပဲ”လို့ ကိဗ်မြို့အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်တဲ့ New Europe Centre မှ သုတေသီတစ်ဦးဖြစ်တဲ့ လီယိုနက် လစ်ထရာက ပြောပါတယ်။ 

ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်က ကျူးကျော်ခံရစဉ်ကစလို့ ရုရှနဲ့ ထိပ်တိုက်တွေ့နေတဲ့ ယူကရိန်းဟာ ဥရောပဆီ ဓာတ်ငွေ့တင်ပို့မှု အဓိကနိုင်ငံအဖြစ် ဆက်ရှိရေး အာမခံစိတ်ချရချင်နေပါတယ်။ Nord Stream 2 လို့ဆိုတဲ့ ဘော်လ်တစ်ပင်လယ်က ပိုက်လိုင်းဟာ ရုရှဆီကနေ ဂျာမနီဆီ သဘာဝဓာတ်ငွေ့ နှစ်ဆ တင်ပို့နိုင်မယ့် တည်ဆောက်လျက် ရှိနေဆဲ ပိုက်လိုင်းစီမံကိန်းပဲ ဖြစ်ပါတယ်။ 
ဂျာမနီ စည်းမျဉ်းထိန်းမတ်သူတွေရဲ့ အတည်ပြုချက် ရယူဖို့ စောင့်ဆိုင်းနေရဆဲ ဒီ ပိုက်လိုင်းဟာ ယူကရိန်းကို ဖြတ်သန်းသွားတဲ့ ရှိဆဲ တင်ပို့လမ်းကြောင်းကို ရှောင်လွှဲပြီး သွယ်သန်းတဲ့ ပိုက်လိုင်းဖြစ်ပါတယ်။ ဒီအတွက် ဥရောပရဲ့ မဟာမိတ်နိုင်ငံ ယူကရိန်းအနေနဲ့ ရုရှဆီကနေ ဓာတ်ငွေ့ ဖြတ်သန်းတင်ပို့ခ နှစ်စဉ် ယူရိုငွေ တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) လောက် မရရှိတော့ဘဲ လက်လွှတ်ရတော့ဖို့ ရှိနေပါဝယ်။ 

အင်္ဂါနေ့ ထိပ်သီးအစည်းအဝေးမှာ သမ္မတ ဇီလန်စကီးကို စိတ်ပူပန်စရာ မလိုကြောင်း ချားလ်စ် မီရှဲလ်နဲ့ အူဆူလား ဗွန် ဒါ လိန်းတို့က ဖျောင်းဖျနားချခဲ့ကြလိမ့်မယ်လို့ ထုတ်ဖော်ပြောခွင့် မရှိတဲ့ အခြေအနေကြောင့် နာမည်မဖော်တဲ့ ဥရောပတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

သူတို့အနေနဲ့ ‘ယူကရိန်းဟာ ဓာတ်ငွေ့ အတင်အပို့ နိုင်ငံဖြစ်တဲ့ အခန်းကဏ္ဍ’ မှာ ရှိနေရမယ်ဆိုတဲ့ ဥရောပသမဂ္ဂရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြလိမ့်မယ်လို့ အဲဒီ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly