အခြေခံပညာရေးဥပဒေကြမ်း အစိုးရသစ်တက်ပြီး လွှတ်တော်အသစ်မှသာ ဆက်ဆွေးနွေးရန် အစီရင်ခံ

အခြေခံပညာရေးဥပဒေကြမ်း အစိုးရသစ်တက်ပြီး လွှတ်တော်အသစ်မှသာ ဆက်ဆွေးနွေးရန် အစီရင်ခံ

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ ။ ။ အခြေခံပညာအဆင့် အတန်းများ နှင့် ကျောင်းအမျိုးအစားများကို ပြဋ္ဌာန်းထားပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေ နှင့် အညီ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည်ဖြစ်၍ အခြေခံပညာရေးဥပဒေကြမ်းကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ဆက်လက်ဆွေးနွေးရန် ဒီဇင်ဘာ ၂၂ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ အစီရင်ခံ ခဲ့သည်။

အစီအရင်ခံစာတွင် အစိုးရအဖွဲ့မှ ပညာရေးဌာနမှတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပြီးနောက်  အမျိုးသား ပညာရေးဥပဒေသည် ပညာရေးကဏ္ဍနှင့် စပ်လျဉ်း၍ မူဝါဒများချမှတ်ထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်တမ်း ကော်မတီတို့ ဖွဲ့စည်းပြီးမှသာ အခြေခံပညာရေးဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥပေဒကြမ်း ကော်မတီ၏ အစီအရင်ခံစာတွင် ပါရှိသည်။

ထို့ပြင် အခြေခံပညာရေးအဆင့်များ၊ အတန်းများနှင့် ကျောင်းအမျိုးအစားများကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အမျိုးသား ပညာရေးဥပဒေနှင့် ညီညွှတ်အောင် သတ်မှတ်ပြီး အကောင်အထည်ဖော်ရန်အတွက် ကြိုတင် ပြင်ဆင်ထားရှိရမည့် လုပ်ငန်းများလည်းရှိနေကြောင်း အစီအရင်ခံစာ၌ ဖော်ပြထားသည်။

ထို့ပြင် လွှတ်တော်သက်တမ်းတစ်ရပ်သို့ ကူးပြောင်းရေးကာလအတွင်း ရောက်ရှိနေပြီး အခြေခံပညာရေးဥပဒေကြမ်းကို အသေးစိတ်စိစစ်ရန် အချိန် မလုံလောက်သဖြင့် ယခုကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးခြင်းမပြုဘဲ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်သာ ဆက်လက်ဆွေးနွေးသင့်ကြောင်း အစီအရင်ခံစာ၌ ဖော်ပြထားသည်။

အစိုးရအဖွဲ့မှပေးပို့ထားသည့် အခြေခံပညာရေးဥပဒေကြမ်းသည် အမျိုးသားလွှတ်တော်သို့ ဇူလိုင်လက တင်သွင်းခဲ့ပြီး (၁.၁၂.၂၀၁၅)ရက်တွင် အမျိုးသားလွှတ်တော်၌ ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီးနောက် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပေးပို့ထားသည့် ဥပဒေဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly