ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း ရွှေချောင်းနှင့် ဒေါ်လာများမြုပ်နှံထားသည်ဆိုသော သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း ရွှေချောင်းနှင့် ဒေါ်လာများမြုပ်နှံထားသည်ဆိုသော သတင်းအမှား

အောက်တိုဘာ ၁၃

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ကနေအိမ်ဖြစ်သော ခြံအမှတ် ၅၄ တွင် တွင်းတူးမြုပ်နှံထားသော ရွှေချောင်းနှင့် အမေရိကန်ဒေါ်လာများတွေ့ရှိသည်ဆိုသော သတင်းမှားများ အွန်လိုင်းတွင်ဖြန့်ချိသူများရှိနေခဲ့သည်။

"ထက်သူရဇော် မြန်မာ" ဆိုသည့် ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာက ယမန်နေ့ကစတင်ဖြန့်ဝေခဲ့သောစာတစ်ပုဒ်တွင် “ခြံအမှတ် ၅၄ ကပေါ်လာတဲ့ ရွှေဟာ တစ်တန်ခွဲရှိပြီး ငွေစစ်နေတာ ရေတွက်လို့ မပြီးသေးဖူးဆိုပြီး တင်ခဲ့တာပါ။ အတွင်းလူဖော်တာဖြစ်ပြီး ကွင်းဆက်တွေရှိကြောင်းနဲ့ ဖော်တဲ့သူဟာ အခုမိတဲ့ ၂၅ ရာခိုင်နှုန်းကို သတင်းပေးသူဟာ ဆုကြေးအနေနဲ့ ရရှိမယ်လို့” ဟု ရေးသားထားသည်။

အဆိုပါပိုစ့်ကို ယခုသတင်းပေးပို့ချိန်အထိ ကြိုက်နှစ်သက်ကြောင်းပြသသည့်လိုက်ခ်ပြုလုပ်သူပေါင်း ၁၀၀၀ကျော်နှင့်ပြန်လည်မျှဝေသူ ၂၅၀၀၀ကျော်ရှိခဲ့သည်။

စစ်တပ်အရာရှိဟု သူ၏ပရိုဖိုင်းတွင်ရေးသားထားသော " ထက်သူရဇော် မြန်မာ" သည် အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ပို့စ် ၁၀ ခုအထိ တင်ထားသည်ကိုတွေ့ရသည်။

ထို့အပြင် တယ်လီဂရမ်တွင်လည်း Subscribers ၁၄၃၈ ရှိသည့် Kaung Set ဆိုသည့် ချန်နယ်ကလည်း အလားတူစာမျိုးဖြန့်ချိခဲ့သည်။ Kaung Set ကတင်အပြီး ဖေ့စ်ဘွတ်တွင် ထက်သူရဇော် မြန်မာက တင်ထားခဲ့ခြင်းဖြစ်သည်။

ထိုပို့စ်များကို စစ်ကောင်စီတပ်ထောက်ခံသူ အုပ်စုများဖြစ်ကြသည့် ခေတ်ဖုန်းခနှင့် တပ်မတော်ချစ်သူများ group မှ မျှဝေခဲ့သည်ကိုလည်းတွေ့ရသည်။

မဇ္ဈိမ၏ သတင်းမှားစိစစ်ရေးအဖွဲ့ Misinformation Buster Programက စိစစ်ရာတွင် ဓာတ်ပုံများသည် ExportersIndia ဆိုသည့် အိန္ဒိယ ရွှေဝက်ဆိုဒ်တစ်ခုမှ ဓာတ်ပုံများနှင့် အင်တာနက်ပေါ်မှ ဒေါ်လာပုံများဖြစ်သည်ကိုတွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများကလည်း ထိုကဲ့သို့သောသတင်းမျိုးကြားသိရဖူးခြင်းမရှိဟု ပြောသည်။

ထို့ကြောင့် ခြံအမှတ် ၅၄ တွင် မြေတွင်းတူးဖွက်ထားသည့် ရွှေနှင့်ဒေါ်လာများတွေ့ရှိသည်ဆိုသည့်သတင်းမှာ သတင်းမှားသာလျှင်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly