မန္တလေးကျောက်ဝိုင်းတွင် ရောင်းဝယ်ဖောက်ကားနေသူများကို ပြောက်ကျား တပ်ဖွဲ့သတိပေး

မန္တလေးကျောက်ဝိုင်းတွင် ရောင်းဝယ်ဖောက်ကားနေသူများကို ပြောက်ကျား တပ်ဖွဲ့သတိပေး

အောက်တိုဘာ ၁၃

မန္တလေးကျောက်ဝိုင်းတွင် အရောင်းအဝယ်လုပ်ကိုင်နေမှုသည် စစ်ကောင်စီ တပ်ကို အခွန်ဘဏ္ဍာငွေရှာဖွေပေးနေမှုဖြစ်ကြောင်းပြောဆိုလိုက်ပြီး " အသက်အန္တရာယ်စိုးရိမ်စရာရှိကြာင်း" ပြောက်ကျားတပ်တစ်ခုက ယနေ့ သတိပေးလိုက်သည်။

" ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအား ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နေ ခြင်းသည် စကစစစ်ခွေးများ၏ အုပ်ချုပ်ရေး ယန္တရား ပြန်လည်လည်ပတ်စေရန် အတွက် အခွန်ဘဏ္ဍာငွေရှာခြင်းဖြစ်၍ ကျောက်မျက်ရတနာလုပ်ကိုင်သူ လူကြီးမင်းများ အနေဖြင့် ၎င်းတို့ထုတ်ပြန်ချက်စေခိုင်းချက်များအား လိုက်နာ စရာမလိုကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်။" ဟု ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ Generation Z Power Mandalay ၏ ကြေညာချက်တွင် ပါရှိသည်။

COVID-19 ရောဂါစဖြစ်စဉ်ကတည်းပိတ်ထားခဲ့သည် ၆၆ လမ်းပေါ်မဟာအောင်မြေရှိ ကျောက်ဝိုင်းကို စစ်ကောင်စီက ယနေ့တွင် ပြန်လည် လှစ်ခဲ့ပြီး ရဲအစောင့် ချထားသည်ကိုလည်း တွေ့ရသည်။

ကျောက်ဝိုင်းပြန်ဖွင့်ချိန်တွင် ကုန်သည်များအနေဖြင့် ဆိုင်ခန်းဖွင့်ပြီး အရောင်း အဝယ်ပြန်လုပ်ရန်ကိုလည်း စစ်ကောင်စီတပ်က ဖိအားပေးနေခဲ့သည်။

ကာကွယ်ရေးတပ်ဖွဲ့၏ သတိပေးချက်ကို လိုက်နာခြင်းမရှိလျှင် " အကြမ်း ဖက်စစ် ကောင်စီများနှင့်အနီးကပ်ရှိနေနိုင်သောကြောင့် ကျောက်မျက်ရတနာ လုပ်ကိုင်သူလူကြီးမင်းတို့၏ အသက်အန္တရာယ်စိုးရိမ်ရကြောင်းနှင့် တာဝန် ယူမည်မဟုတ်ကြောင်း အထူးသတိ ပေးတားမြစ်လိုက်ပါသည်။" ဟုလည်း ပါရှိသည်။

Generation Z Power(Mandalay) သည် အောက်တိုဘာလ ၃ ရက်နေ့က အမရပူရမြို့နယ်ရှိ Mytel တာဝါတိုင်ကိုလည်းကောင်း၊ အောက်တိုဘာလ ၈ ရက်နေ့က မဟာအောင်မြေမြို့နယ်ရှိ Mytel တာဝါတိုင်ကိုလည်းကောင်း ဖျက်ဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly