PDF ၏ တိုက်ခိုက်မှုကြောင့် ပြည်သူ တစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာနေရသည်ဆိုသည့် သတင်းမှား Royal News Agency က ဖြန့်ချိ

PDF ၏ တိုက်ခိုက်မှုကြောင့် ပြည်သူ တစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာနေရသည်ဆိုသည့် သတင်းမှား Royal News Agency က ဖြန့်ချိ

အောက်တိုဘာ ၁၂

စစ်ကောင်စီဆန့်ကျင်ရေး ကာကွယ်ရေးတပ်များက လူနေအိမ်များကိုမီးရှို့ တိုက်ခိုက်မှုများလုပ်သောကြောင့် ပြည်သူတစ်သိန်းခွဲနီးပါး အိုးပစ်အိမ်ပစ်ထွက်ပြေးနေရသည်ဆိုကာ Royal News Agency ဆိုသည့် ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၁၀ ရက်နေ့ကစ၍ ဖြန့်ချိထားသည်။

အာဏာသိမ်းတပ်သတင်းများ အဓိကထားဖြန့်ဝေလေ့ရှိသည့် Royal News Agency ဟာနေပြည်တော် အောက်တိုဘာ ၆ ရက်နေ့ဆိုသည့် ရက်စွဲဖြင့် တင်ထားသည့် စာတစ်ပုဒ်တွင် " ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး မှ PDF များရဲ့ နေအိမ် မီးရှို့ဖျက်စီးခြင်း၊ တိုက်ပွဲဖန်တီးမှုတွေကြောင့် ကယား၊ကရင်၊ရှမ်း၊ပဲခူး၊မွန်၊တနင်္လာရီ တို့မှ လူပေါင်း တစ်သိန်းခွဲနီးပါးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ် " ဟု ပါရှိသည်။

အဆိုပါ စာပုဒ်ကို ကြိုက်နှစ်သက်ကြောင်း ပြသသည့် Like လုပ်သူ ရှစ်ရာကျော် ရှိခဲ့သည်။

မဇ္ဈိမ၏သတင်းမှားစိစစ်ရေးအဖွဲ့ Misinformation Buster Program က ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ထိုကဲ့သို့ ထုတ်ပြန်ခဲ့မှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ရာမှာတော့ အောက်တိုဘာ ၆ ရက်နေ့တွင် ကုလသမဂ္ဂက မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသည်ကို တွေ့ရသည်။

ကုလသမဂ္ဂက အောက်တိုဘာ ၈ ရက်နေ့တွင် မြန်မာနှင့်ပတ်သက်သော သတင်းထုတ်ပြန်မှုလုပ်ခဲ့သော်လည်း အဆိုပါထုတ်ပြန်ချက်တွင် လာမည့်ရက်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိလာနိုင်ကြောင်းသိထားရ၍ အရပ်သားများ ထိခိုက်မှုများဖြစ်မည်ကို အထူးစိုးရိမ်ကြောင်းသာ ပါရှိသည်။

ထို့ကြောင့် PDFများက အရပ်သားများ၏နေအိမ်မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူတစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဆိုသည့် သတင်းမှာ လုပ်ကြံဖန်တီးထားသော သတင်းမှားသာဖြစ်ကြောင်း ထုတ်ပြန်လိုက်ရပါသည်။

  1. Royal News Agency ဆိုသည့် စာမျက်နှာသည် စက်တင်ဘာလ ၂၈ နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီတပ် ဝါဒဖြန့် သတင်းများ၊ ဖေ့စ်ဘွတ်က ဖယ်ရှားခံထားရသော Myanmar Hard Talk ၏ သတင်းများ ဖြန့်ချိလေ့ရှိသည်။ ရေးသားမှုများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို အကြမ်းဖက်များဟုလည်း သုံးနှုံးလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required