စစ်ကောင်စီ၏ ထောက်တိုင်များအား PDF - ကနီမှနောက်ဆုံးအကြိမ် သတိပေး

စစ်ကောင်စီ၏ ထောက်တိုင်များအား PDF - ကနီမှနောက်ဆုံးအကြိမ် သတိပေး

အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်က စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အားပေးကူညီသူများကို ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF - ကနီ)မှ ‌နောက်ဆုံးအကြိမ် သတိပေးကြောင်း ယနေ့ (အောက်တိုဘာလ ၁၂ ရက်) သတင်းထုတ်ပြန်သည်။

PDF - ကနီ အနေဖြင့် အဆိုပါ ထောက်တိုင်များကို ပြည်သူနှင့်အတူ ပူးပေါင်းရန် အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ကြိုဆိုခဲ့ပြီး ယင်းအပေါ်၎င်းတို့က အခွင့်ကောင်းယူ၍ မတရားမှုများစွာ ပြုလုပ်လာသည့်အတွက် ‌ယခုကဲ့သို့ နောက်ဆုံးအကြိမ် သတိပေးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းထောက်တိုင်များသည် စစ်ကောင်စီ၏ အခွန်ငွေတိုးလာရေးအတွက် အခွန်ငွေ၊ လိုင်စင်အရပ်ရပ်ငွေကောက်ခံရာတွင် ပါဝင်ကူညီခြင်း၊အမြန်ရေယာဉ်များ၊ မော်တော်များ၊ ကုန်ကားများကို မတရားငွေကြေး ကောက်ခံရာတွင် ပါဝင်ခြင်း၊သစ်ပွဲစား သစ်ကုန်သည်များနှင့် ပူးပေါင်း၍ ငွေကြေးတံစိုးလက်ဆောင်များ ရှာဖွေပေးခြင်းတို့ ပြုလုပ်နေသည်ဟု PDF -ကနီက ဆိုသည်။

ယင်းအပြင် နှစ်လုံး၊ သုံးလုံး လောင်းကစား ရောင်းချသူများထံမှ ငွေကြေးတောင်းရာတွင် ပါဝင်ခြင်း၊ ပြည်သူလူထု၏ ကိုယ်စိတ် ပင်ပန်းအောင် ဧည့်စာရင်းစစ်ဆေးခြင်း၊ နေအိမ်များထံမတရားရှာဖွေရာတွင် ပါဝင်ခြင်း၊ ပြည်သူလူထု၏ လုံခြုံရေးကို ချိုးဖောက်၍ စစ်ကောင်စီ၏ လိုအပ်သော သတင်းအချက်အလက်နှင့် မှတ်တမ်းများ ကောက်ယူရာတွင် ပါဝင်ခြင်းများကို စစ်ကောင်စီ၏ ထောက်တိုင်များက ပြုလုပ်နေကြောင်း PDF - ကနီမှ စုံစမ်းသိရှိထားသည်ဟု ဆိုသည်။

အချို့သော စစ်ကောင်စီခန့် ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်သူနှင့်ပူးပေါင်းသည်ဟု ကြေညာထားသော်လည်း ​ဒေသခံ ဒလန်များ၊ ပျူစောထီးများကို အသုံးချ၍ အထက်ပါလုပ်ငန်းများ လုပ်ဆောင်ရန် အဝေးမှ စီစဉ်ညွှန်ကြား ဆောင်ရွက်နေကြောင်း PDF - ကနီမှ အသေးစိတ် မှတ်တမ်းများနှင့်တကွ စုံစမ်းလေ့လာသိရှိပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

CDM ဝင်ရောက်သည့် ပြည်သူ့ဝန်ထမ်းများကို ပြည်သူ့အစိုးရလက်ထက်က COVID-19 ချေးငွေများ ပြန်လည်ပေးဆောင်ရန် အမျိုးမျိုးဖိအားပေး၍ ငွေတောင်းနေသော စစ်ကောင်စီ လက်အောက်ခံ ဌာနများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငွေတောင်းရန်အားပေးသော ဝန်ထမ်းများ၏ စာရင်းကို သိရှိထားသည်ဟုလည်း PDF - ကနီက ဆိုသည်။

အဆိုပါ ကိစ္စရပ်များကို မလုပ်ဆောင်ရန်အကြိမ်ကြိမ် အသိပေးကြေညာခဲ့သော်လည်း မလိုက်နာပါက လုပ်ရပ်အတိုင်း တုံ့ပြန်ခံရမည် ဖြစ်ကြောင်း နောက်ဆုံးအကြိမ် ကြိုတင် သတိပေးသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required