မြန်မာ့တင်းနစ်လောက မျိုးဆက်သစ် ကစားသမားရှားပါးမှုနှင့် ရင်ဆိုင်နေရ

မြန်မာ့တင်းနစ်လောက မျိုးဆက်သစ် ကစားသမားရှားပါးမှုနှင့် ရင်ဆိုင်နေရ
အခြေခံပညာကျောင်းတစ်ကျောင်းတွင် ကလေးငယ်များအား တင်းနစ်အဖွဲ့ချုပ်မှ တင်းနစ်ကစားနည်း သင်ကြားပေးစဉ်။ (ဓာတ်ပုံ - သောကြာ)

ဒီဇင်ဘာ ၂၂၊ ရန်ကုန်။           ။ မြန်မာ့လက်ရွေးစင် တင်းနစ်အားကစားအဖွဲ့သည် ကျင်းပပြီးစီးခဲ့သည့် အရှေ့တောင်အာရှ(ဆီးဂိမ်း)ပြိုင်ပွဲတိုင်း လိုလို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ဆုတံဆိပ်ရရှိခဲ့ခြင်းမရှိဘဲ မျိုးဆက်သစ် ကစားသမားရှားပါးမှု ပြဿနာနှင့်လည်း ရင်ဆိုင် နေရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည့် ၁၉၆၅ ကျွန်းဆွယ်အားကစားပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ဦးမောင်မောင်လေးမှ တစ်ဦးချင်းပြိုင်ပွဲတွင် ရယူပေးခဲ့သည့် စံချိန်ရှိခဲ့သည်။

သို့သော် ကျွန်းဆွယ်အားကစား ပြိုင်ပွဲနာမည်မှတစ်ဆင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဟု ပြောင်းလဲကျင်းပခဲ့သည့်အချိန်မှ စတင်ကာ ယနေ့အထိ တင်းနစ် ကစားနည်းမှ ရွှေတံဆိပ်များ ရယူပေးနိုင်ခဲ့ခြင်း မရှိတော့ပေ။

' ရှင်းရှင်းပြောရရင် မျိုးဆက်သစ်ပြတ်သွားတယ်။ နောက်က ကပ်လိုက်ပြီး မလာနိုင်တဲ့ အတွက် မျိုးဆက်ပြတ် သွားတယ်။ သူများတိုင်းပြည်တွေမှာက ဒီချန်ပီယံပြီးရင် နောက်ထပ်ချန်ပီယံ   ဖြစ်မယ့်သူတွေက ကပ် ကပ်ပြီး ပါလာတယ်။ အသက် ၄၀ ထိ တစ်ဦးချင်းမှာ ရတယ်ဆိုကတည်းက တိုင်းပြည် သိပ်ပြီး မတိုးတက်ဘူးဆိုတာ ပြတာပဲ' ဟု ကျွန်းဆွယ်အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ဦးမောင်မောင်လေးက မဇ္ဈိမသို့ ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်မှ အခြေခံပညာ ကျောင်းအချို့ တွင် တင်းနစ်ကွင်းနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိသလို တင်းနစ်ကလပ်အသင်းများနှင့်လည်း ပူးပေါင်းကာ မျိုးဆက်သစ်ကစားသမား ထွက်ပေါ်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

' လုပ်နေတဲ့ လုပ်ငန်းလဲ တော်တော် ကြာနေပြီ။ ကလေးတွေ မွေးလိုက်တယ်။ ဘာပြသနာဖြစ်လဲဆိုရင် ပညာရေးပြသနာ။ ပညာရေးနဲ့ ထိခိုက်မှုတွေ ဖြစ်လာ တယ်။ ၉ တန်း ၈ တန်း ၁၀ တန်းဆို အားကစားကို မလိုက်စားတော့ဘူး။ အဲဒီချိန်က တင်းနစ်မှာ လုံး၀ ပြောင်းလဲရမယ့် အချိန်ဖြစ်နေပြီ။ အဲဒီတစ်ခုကို တော်တော်လေး စဉ်းစားရတယ်။ နိုင်ငံတကာမှာ ဒီအသက် အရွယ်က ပရိုကို ကူးရတော့မယ့် ဖြစ်နေတယ်။ ပညာရေးနဲ့ လုနေရလို့ တင်းနစ်ကျဆင်းတာ အများကြီးပါတယ်'ဟု  တင်းနစ်အားကစားအဖွဲ့ ရင်ဆိုင်နေရသည့် အဓိက အခက်အခဲကို တင်းနစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလေးနိုင်က မဇ္ဈိမသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly