ပါကစ္စတန်၏ ကျင့်ဝတ်မညီသော နျူကလီးယား သဘောတူညီချက်သည် စိုးရိမ်စရာ ဖြစ်နေ

By Asian Lite International
12 October 2021
ပါကစ္စတန်၏ ကျင့်ဝတ်မညီသော နျူကလီးယား သဘောတူညီချက်သည် စိုးရိမ်စရာ ဖြစ်နေ

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပါကစ္စတန်အစိုးရက နျူကလီးယားအစီအစဉ်ကို သတိကြီးစွာ စောင့်ကြည့်သင့်ကြောင်း၊ အထူးသဖြင့် အာဖဂန်နစ္စတန်နိုင်ငံတွင် တည်ငြိမ်မှု ပြန်လည်ရရှိချိန်အထိ နျူကလီးယားပစ္စည်းများ တာလီဘန်တို့ လက်အတွင်းသို့ မရောက်ရှိစေရန် အရေးကြီးကြောင်း ပြင်သစ်ဂျာနယ်လစ်တစ်ဦးဖြစ်သူ ရိုလန်ဂျက်ကွက်က Global Watch Analaysis တွင် ရေးသားခဲ့သည်။

ပါကစ္စတန်၏ နျူကလီးယားအစီအစဉ်နှင့် နျူကလီးယားအန္တရာယ်ကင်းရှင်းရေး စံနှုန်းများသည် ပွင့်လင်းမြင်သာမှုမရှိသလို နည်းပညာပိုင်းဆိုင်ရာတွင်လည်း သိုဝှက်မှုများစွာ ရှိနေသည်။

နျူကလီးယားလက်နက် စတင်ထုတ်လုပ်သည့် အချိန်မှစ၍ ပါကစ္စတန်အနေဖြင့် လက်နက်စနစ် တစ်ခုကို တပ်ဆင်ဆိုင်သည့် အခြေအနေတွင် မရှိကြောင်း သတိပြုမိထားသည်။ သို့သော် ပါကစ္စတန်သည် ၎င်းထက် နျူကလီးယားအစီအစဉ်တွင် သာလွန်နေသည့် အိန္ဒိယကို အမီလိုက်နိုင်ရန် နျူကလီးယား လက်နက်ကို အရေးပေါ် လိုအပ်လျက်ရှိသည်။ ယင်းအခြေအနေကြောင့် ပါကစ္စတန်သည် ၎င်း၏ နျူကလီးယားအစီအစဉ် အတွက် ရင်းမြစ်အမျိုးမျိုးမှ ကျင့်ဝတ်နှင့် မညီသော နည်းလမ်းများဖြင့် ရရှိအောင် လုပ်ဆောင်နေကြောင်း ဂျက်ကွက်က ရေးသားထားသည်။

တာလီဘန်တို့က အာဖဂန်နစ္စတန်တွင် အာဏာသိမ်းပိုက်ပြီးနောက် အစ္စလာမစ် စော်ဘွားနိုင်ငံ ထူထောင်ရန်နှင့် အောင်မြင်သည့် နိုင်ငံ ဖြစ်လာစေရန် လုပ်ဆောင်ရာတွင် ၎င်းတို့နှင့် ပါကစ္စတန်တို့၏ တစ်ချိန်က နိုင်ငံရေးဆက်ဆံသည့် အခန်းကဏ္ဍ ပြန်လည်ရောက်ရှိလာသည်။ နိုင်ငံရေးအခြေအနေ အားနည်းနေသော်လည်း တည်ငြိမ်၍ တာဝန်ယူမှုရှိသော ကမ္ဘာ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ပါကစ္စတန်အနေဖြင့် စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်နေရချိန်တွင် ပါကစ္စတန်အနေဖြင့် ၎င်း၏ နျူကလီးယားပစ္စည်းများအပါအဝင် အရေးပါသော ပစ္စည်းများ၏ ဘေးအန္တရာယ်နှင့် လုံခြုံရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက အနီးကပ်စောင့်ကြည့်သင့်သည်။

တာလီဘန်တို့ အာဏာရလာချိန်တွင် ယင်းအခြေအနေကို မျှော်လင့်လိုလားနေသည့် ပါကစ္စတန်အစိုးရအဖွဲ့အစည်းများမှ လူများနှင့် ပါကစ္စတန်၏ ရှေးရိုးစွဲပြည်သူများအကြားတွင် တာလီဘန်တို့ သိမ်းပိုက်မှုကို ကြိုဆိုကြသည်။

အထင်ရှားဆုံး အတိတ်ဖြစ်ရပ်တစ်ခုမှာ တာလီဘန်တို့နှင့် ချိတ်ဆက်ထားသည့် အုပ်စုများသည် ပါကစ္စတန် အစိုးရနှင့် စစ်ဖက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။ ၂၀၁၂ ခုနှစ်က လက်နက်ကိုင် အစ္စလာမ္မစ် စစ်သွေးကြွများသည် ရော့ကတ်တွန်းအားသုံး ဗုံးများဖြင့် ပါကစ္စတန်၏ အရေးပါသော မင်ဟတ်စ်(ကမ်ရာ) လေတပ်စခန်ကို တိုက်ခိုက်ခဲ့သည်။ ယင်းနေရာတွင် ပါကစ္စတန်လေတပ်၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနများ တည်ရှိသည်။ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်အတွင်းကလည်း အဆိုပါလေဆိပ်တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယခင်ကလည်း အယ်လ်ကိုင်ဒါ ခေါင်းဆောင်များက ပါကစ္စတန်၏ နျူကလီးယားဌာနများကို တိုက်ခိုက်ရန် ပြောကြားခဲ့ဖူးသည်။ ၂၀၁၄ ခုနှစ်က AQIS အဖွဲ့က ကရာချိရေတပ်သင်္ဘောကျင်းတွင် ဆိုက်ကပ်ထားသည့် ပါကစ္စတန်နျူကလီးယားသင်္ဘော Zulfikar ကို တိုက်ခိုက်ခဲ့သည်။ ပါကစ္စတန်၏ အရေးပါသော နေရာများကို ပစ်မှတ်ထားတိုက်ခိုက်သူများနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ သင်္ဘောကို AQIS တို့က ထိန်းချုပ်နိုင်ခဲ့သည်ဟု ပါကစ္စတန်အာဏာပိုင်တို့က ထုတ်ပြန်မှုများပင်ရှိခဲ့ကြောင်း ဂျက်ကွက်က ရေးသားထားသည်။

ပါကစ္စတန် စစ်တပ်တွင် ကွန်ဆာဗေးတစ်စိတ်ထားရှိသူတို့အား ခန့်ထားသည့်နှစ်များက လူမျိုးရေးအစွန်းရောက်များနှင့် ခေါင်းဆောင်များက ၎င်းတို့၏ လမ်းစဉ်ကို ပါဝင်ဆောင်ရွက်စေရေးအတွက် အလွယ်တကူ လွှမ်းမိုးနိုင်သည့် ဝန်ထမ်းအများအပြားကို ရရှိစေခဲ့သည်။

အိုက်စစ်နှင့် ပါကစ္စတန်ကြည်းတပ်၊ ရေတပ်ဖွဲ့ဝင်အများအပြားသည် AQIS နှင့် အခြားဆက်စပ်အဖွဲ့အစည်းဝင်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ AQIS အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အဒီအဗ္ဗဒူကူဒိုးစ်သည် ပါကစ္စတန်၏ ဆက်သွယ်ရေးတပ်တွင် ဗိုလ်မှူးတစ်ဦး ဖြစ်ခဲ့သည်။ ရာဝယ်ပင်ဒီရှိ ၎င်း၏ နေအိမ်တွင် ၉/၁၁ တိုက်ခိုက်မှုအစီအစဉ်၌ ညွှန်ကြားခဲ့သူတစ်ဦးဖြစ်သည့် ခါလစ်ရှိတ်မိုဟာမက်ကို ၂၀၀၃ ခုနှစ်က ဖမ်းမိခဲ့သည်။

တာလီဘန်တို့သည် မလွှဲမရှောင်သာပဲ အယ်ကိုင်ဒါနှင့် ၎င်း၏ ဆက်စပ်အဖွဲ့များဖြစ်သည့် AQIS၊ LeT၊ Al Badr၊ IMU စသည့်အဖွဲ့များနှင့် ပတ်သက်နေသည်။ ၎င်းတို့သည် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။ AQIS သည် တာလီဘန်တို့နှင့် အလွန်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး ပြည်ပတပ်ဖွဲ့များအား တိုက်ခိုက်ရာတွင် တာလီဘန်တို့နှင့်အတူ ပါဝင်ခဲ့သည်။ စစ်မြေပြင်တွင် ယင်းကဲ့သို့ ဆက်စပ်မှုများကို တစ်ရက်အတွင်း ရေး၍ ပြီးဆုံးနိုင်မည်မဟုတ်သလို တာလီဘန်တို့ကလည်း ငြင်းဆန်နေစေကာမူ အဆိုပါအဖွဲ့များနှင့် ဆက်လက် ပူးပေါင်းနေဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly