မီဒီယာများအား တင်းကျပ်စွာ ထိန်းချုပ်မှုအပေါ် ပါကစ္စတန်အစိုးရအား ဂျာနယ်လစ်များက ပြစ်တင်ရှုတ်ချ

မီဒီယာများအား တင်းကျပ်စွာ ထိန်းချုပ်မှုအပေါ် ပါကစ္စတန်အစိုးရအား ဂျာနယ်လစ်များက ပြစ်တင်ရှုတ်ချ

မီဒီယာအားလုံးအပေါ်တွင် တင်းကျပ်သည့် ထိန်းချုပ်မှုများ ဖြစ်လာစေနိုင်သည့် ‘ပါကစ္စတန်မီဒီယာ ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (PMDA) ထူထောင်မည့် အစီအစဉ်အား ရုပ်သိမ်းပေးရန် ပါကစ္စတန်အာဏာပိုင်များအား မီဒီယာအခွင့်အရေး အုပ်စုများက တောင်းဆိုလိုက်သည်။

လက်ရှိမူဘောင်များအပေါ် လုပ်ဆောင်မည့် ပြောင်းလဲမှုများသည် မီဒီယာနှင့် သက်ဆိုင်သည့် စည်းကမ်းတင်းကျပ်မှုအားလုံးကို ‘လုပ်ငန်းစဉ်များကို လွယ်ကူစေရန်နှင့် သတင်းမှားများကို ပယ်ဖျက်ခြင်း’ အကြောင်းပြချက်ဖြင့် အာဏာပိုင်အဖွဲ့အစည်း တစ်ခုတည်း၏ လက်အောက်၌ ထားရှိရန် ရည်ရွယ်ကြောင်း နိုင်ငံတကာ ဂျာနယ်လစ်များအဖွဲ့ချုပ် (IFJ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘ပါကစ္စတန်မီဒီယာ ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (PMDA) သည် လက်ရှိ မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို အစားထိုးပြီး မှတ်တင်ခြင်း၊ အခကြေးငွေပေးခြင်းများ၊ လို်ငစင်ထုတ်ပေးခြင်းနှင့် အစိုးရကြော်ငြာများအပါအဝင် ဖလင်၊ အီလက်ထရောနစစ်၊ ပုံနှိပ်၊ ဒစ်ဂျစ်တယ် မီဒီယာစသည့် နယ်ပယ်အားလုံးကို ကြီးကြပ်ရန် ဖြစ်ကြောင်း IFJ က ဖော်ပြသည်။ အာဏာပိုင်အဖွဲ့အနေဖြင့် တရားမမှုနှင့် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားမှုများကိုလည်း ကိုင်တွယ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကမ္ဘာ့သတင်းထုတ်လုပ်သူများအသင်း (WAN-IFRA)၊ နိုင်ငံတကာ ထုတ်ဝေသူများအသင်း (IPA)၊နှင့် နိုင်ငံတကာ ဂျာနယ်လစ်များအဖွဲ့ချုပ် (IFJ) တို့ကလည်း PMDA အာဏာပိုင်အဖွဲ့သစ်၏ အုပ်ချုပ်မှုများနှင့် ပတ်သက်၍ များစွာ စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်အဖွဲ့ဝင် ၈ ဦးအနက် ဥက္ကဌနှင့် ၄ ဦးကို အစိုးရက ခန့်အပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မီဒီယာ ခုံရုံးအဖွဲဝင်များကို ခန့်ထားခြင်းအား အာဏာပိုင်အဖွဲ့သစ်ကို လုပ်ပိုင်ခွင့်ပေးသည့် အချက်နှင့် ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ပါကစ္စတန်ရူပီး ၂၅ သန်းသတ်မှတ်နိုင်ခြင်းစသည့် ပြစ်ဒဏ်ချမှတ်သည့် လုပ်ပိုင်ခွင့် ပေးခြင်းများအပေါ် WAN-IFRA၊ IPA ၊ IFJ တို့က စိုးရိမ်ပါတယ်။ မီဒီယာခုံရုံး၏ ဆုံးဖြတ်ချက်များကို ဗဟိုတရားရုံးချုပ်သို့သာ အယူခံဝင်နိုင်သည်။

PDMA ဥပဒေသစ် ရေးဆွဲခြင်း၏ နောက်ကွယ်မှ လျှိူ့ဝှက်ချက်နှင့် ပတ်သက်၍ သံသယများစွာ ရှိကြောင်း မီဒီယာအဖွဲ့များက ပြောကြားသည်။

“လုပ်ပိုင်ခွင့်အများအပြားပေးခြင်းနှင့် မီဒီယာလွတ်လပ်ခွင့်ချိုးဖောက်မှု များစွာဖြစ်စေနိုင်တဲ့ ဒီလိုဥပဒေမျိုးကို ပြင်ဆင်ရာမှာ ပါကစ္စတန်အစိုးရအနေဖြင့် မီဒီယာကိုယ်စားလှယ်များနှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်” ဟု WAN-IFRA ၏ အမှုဆောင်အရာရှိဖြစ်သူ ဗင်းဆင့် ပီးရိနီးက ပြောကြားသည်။

“ဥပဒေသစ်နဲ့ပတ်သက်လို့ အစိုးရရဲ့ ကြေညာချက်ဟာ သတင်းမှားတွေကို ချုပ်ကိုင်ဖို့နဲ့ ဝေဖန်ပြောဆိုမှုတွေကို ဖျက်ဆီးဖို့ နဲ့ မီဒီယာတွေကို အလွန်အကျွံထိမ်းချုပ်ဖို့ပဲ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

IPA ၏ အတွင်းရေးမှူးချုပ် ဟိုဆေးဘော်ဂီနိုက ၎င်းတို့အဖွဲ့အနေဖြင့် သတင်းထုတ်လုပ်သူများ၊ ဂျာနယ်လစ်များနှင့် အတူတကွလက်တွဲသွားမည့်အပြင် PDMA အတွက် အစီအစဉ်ကို ရုပ်သိမ်းဖို့ ပါကစ္စတန်အာဏာပိုင်များကို တောင်းဆိုသည်။

PDMA သည်ပါကစ္စတန်၏ မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန် အန္တရာယ်ပေးနေကြောင်းနှင့် ပါကစ္စတန်အစိုးရအနေဖြင့် မီဒီယာလောက၏ အသံကို နား‌ထောင်ရန်၊ ထိခိုက်စေမှုကို ဆက်မလုပ်ရန် မီဒီယာတို့၏ အခန်းကဏ္ဏကို ပူးပေါင်းဆောင်ရွက်ရန် IFJ က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required