ထိုင်ဝမ်နှင့် ပတ်သက်သည့် မှတ်ချက်စကားများကြောင့် သြစတေးလျဝန်ကြီးချုပ်ဟောင်း တရုတ် ရှုတ်ချ

ထိုင်ဝမ်နှင့် ပတ်သက်သည့် မှတ်ချက်စကားများကြောင့် သြစတေးလျဝန်ကြီးချုပ်ဟောင်း တရုတ် ရှုတ်ချ

ထိုင်ဝမ်ခရီးစဉ်အတွင်း သြစတေးလျဝန်ကြီးချုပ်ဟောင်း အက်ဘော့က ထိုင်ဝမ်အား တရုတ်က ဖိအားပေးခြင်းကို ပြစ်တင်ရှုတ်ချပြီးနောက် သြစတြေးလျရှိ တရုတ်သံရုံးက အောက်တိုဘာ ၉ရက်တွင် အက်ဘော့အား သနားစရာကောင်းသောနိုင်ငံရေးသမားဟု တုံ့ပြန်လိုက်သည်။

ထိုင်ဝမ်သို့ အက်ဘော့က ယခုသီတင်းပတ်တွင် သွားရောက်ခဲ့သည့် ကိုယ်ရေးကိုယ်တာ ခရီးစဉ်တွင် သမ္မတ စိုင်အန်ဝမ်နှင့် တွေ့ဆုံခဲ့ပြီး လုံခြုံရေးဖိုရမ်တစ်ခုတွင် တရုတ်၏ စီးပွားရေး နှေးကွေးမှုနှင့် ဘဏ္ဍာရေး ကိစ္စရပ်များကို “ ရယ်သွမ်းသွေး” ကာ ရှုတ်ချပြောဆိုခဲ့သည်။

သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ တရုတ်သံရုံးကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

"တိုနီအက်ဘောက မအောင်မြင်တဲ့ သနားစရာကောင်းတဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ မကြာသေးမီက စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရူးနှမ်းတဲ့ လုပ်ဆောင်ချက်ကြောင့် သူ့ရဲ့ ကြောက်စရာကောင်းတဲ့ တရုတ်ဆန့်ကျင်ရေးလက္ခဏာတွေကို အပြည့်အဝဖော်ထုတ်ခဲ့ပြသခဲ့ပါတယ်” ဟု သံရုံး၏ ဝက်ဘ်ဆိုက် အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁ ရက်မှ စ၍ ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ တရုတ်အစိုးရ က ကျူးကျော်ဝင်ရောက်မှု ၄ ရက်ကြာ ပြုလုပ်ပြီးနောက် အက်ဘော့၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံအများစုကဲ့သို့ပင် သြစတြေးလျသည် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးမရှိသော်လည်း တရုတ်ဖိအားနှင့် ပတ်သက်ပြီး အထူးသဖြင့်စစ်ရေးကိစ္စကိုစိုးရိမ်သောကြောင့် အမေရိကန်နှင့် မဟာမိတ် ပူးပေါင်းခဲ့သည်။

ထိုင်ဝမ်က လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်ကြောင်း ပြောကြားထားပြီး တရုတ်က တိုက်ခိုက်လာပါက မိမိကိုယ်ကို ကာကွယ်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly