လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် တရုတ်အခြေစိုက် အမေရိကန်ကုမ္ပဏီများ ဆိုးရွားစွာ ထိခိုက်နေ

By ZeeBiz
12 October 2021
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် တရုတ်အခြေစိုက် အမေရိကန်ကုမ္ပဏီများ ဆိုးရွားစွာ ထိခိုက်နေ

ပြည်နယ်အများအပြား၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် မကြုံစဖူးကြုံတွေ့နေရသော တရုတ်ပြည်တွင်းရှိ အမေရိကန်ကုမ္ပဏီဒါဇင်ပေါင်းများစွာသည် ဓာတ်အားကိုခွဲတမ်းဖြင့်သာ ရရှိခြင်းကြောင့် လုပ်ငန်းများ ဆိုးရွားစွာထိခိုက်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုများကြောင့် စီးပွားရေးအခွင့်အလမ်းများဆုံးရှုံးခြင်း၊ ကုန်အမှာစာများ ဖျက်သိမ်းခြင်းနှင့် ကုန်ကြမ်းများအလေအလွင့်ဖြစ်ရသည်ဟု ရှန်ဟိုင်းမြို့ရှိ အမေရိကန်ကုန်သည်ကြီး များအသင်း (AmCham) ၏ ဥက္ကဌ ခါဘစ်ဘ်က ပြောကြားခဲ့သည်။

တရုတ်ရှိ ပြည်နယ်အများအပြားတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း လျှပ်စစ်ဓာတ်အား အကျပ်အတည်း နှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ကုမ္ပဏီ ၁၂၀ဝ ခန့်မှ ကိုယ်စားပြုအသင်းသား ၃၀ဝဝ ကျော်ရှိသည့် အသင်း သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျှော့ချရေး နည်းလမ်းများနှင့် ပတ်သက်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ နှင့် ဆွေးနွေးခဲ့ကြသည်။

“မီးဖြတ်ဖို့ လိုပြီဆိုတာကို တစ်နာရီ၊ နှစ်နာရီ သူတို့ကို ကြိုပြောပါတယ်” ဟု မြောက်ပိုင်းမှ ထန်ကျန်းမှ တောင်ဘက်ကွမ်တုံပြည်နယ်အထိ အသင်းသား ၄၀ ခန့်နှင့် တယ်လီဖုန်းဖြင့် အစည်းအဝေးပြုလုပ်ပြီးနောက် အောက်တိုဘာ ၇ရက်က ခါဘစ်ဘ်က ဟောင်ကောင်အခြေစိုက် South China Morning Post သို့ ပြောကြားခဲ့သည်။

"ဒီလိုရုတ်တရက်ပိတ်ပစ်လိုက်တာက ပစ္စည်းကိရိယာတွေကို ပျက်စီးစေနိုင်ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်တယ်မဟုတ်လား” ဟု သူက ပြောကြားသည်။

“ ပြည်ပ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ခေတ်မီဆန်းပြားတဲ့ ထောက်ပံ့ရေးကွင်းတွေကို အနှောင့်အယှက်ဖြစ်စေ တဲ့ မီးဖြတ်တောက်မှုက ပစ္စည်းတွေ အလေအလွင့်ဖြစ်စေပြီး အခွင့်အလမ်းတွေ ဆုံးရှုံးစေသလို ကုန်အမှာစာတွေကိုလည်း ပယ်ဖျက်ခဲ့ရပါတယ်” ဟု သူက ဆိုသည်။

ဒါဇင်နှင့်ချီသော တရုတ်၏ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများ ထုတ်လုပ်မှု ကျဆင်းသွားခြင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရပြီး စက်မှုလုပ်ငန်းများ ဖရိုဖရဲဖြစ်ခဲ့ရသလို "ကမ္ဘာ့စက်ရုံ" ကြီးဟု ခေါ်ရမည့် ကမ္ဘာ့စီးပွားရေး ဒုတိယအကောင်းဆုံး တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေခဲ့သည်။

ပထမနှစ်ဝက်တွင် တရုတ်အစိုးရ၏ စွမ်းအင်သုံးစွဲမှုနှင့် တင်းကျပ်စွာ ထိန်းချုပ်ထားသည့် သတ်မှတ်ချက်များကို ပြည်နယ် ၇ ခုက မပြည့်မီခြင်းကြောင့် တရုတ်နိုင်ငံ၏ ပြည်နယ်အဆင့်ရှိ ဒေသ ၃၁ ခုအနက် အနည်းဆုံး ၂၀ သည် လျှပ်စစ်ဓာတ်အား ခွဲတမ်းဖြင့် ရနေကြောင်း South China Morning Post သတင်းက ဆိုသည်။

ယခုအခါလျှပ်စစ်ဓာတ်အားဖြတ်တောက်မှုများသည်ပြည်နယ်အများအပြားရှိ နေအိမ်များတွင်ပါ ပြတ်တောက် နေပြီး မြို့ကြီးများတွင် လမ်းများနှင့် မီးပွိုင့်များကို ထိခိုက်စေခဲ့သည်ဟု တရားဝင်မီဒီယာများက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly