အီတလီ တိရစ္ဆာန်ရုံရှိ ကမ္ဘာ့အသက်အကြီးဆုံး ကြံ့ဖြူ သေဆုံး

အီတလီ တိရစ္ဆာန်ရုံရှိ ကမ္ဘာ့အသက်အကြီးဆုံး ကြံ့ဖြူ သေဆုံး
Photo - AFP

အောက်တိုဘာ ၁၂

အီတလီနိုင်ငံ မြောက်ပိုင်း တိရစ္ဆာန်ရုံတစ်ရုံမှာ နေထိုင်တဲ့ အသက် ၅၄ နှစ်ရှိ တိုဘီ အမည်ရ ကမ္ဘာ့အသက်အကြီးဆုံး ကြံ့ဖြူ သေဆုံးသွားပြီ ဖြစ်တယ်လို့ အဆိုပါ တိရစ္ဆာန်ဥယျာဉ်မှ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။

“နန်နို တိုဘီ” (ကြံ့ဖိုးဖိုး တိုဘီ) ဟာ အောက်တိုဘာ ၆ ရက်မှာ သေဆုံးသွားခဲ့တာ ဖြစ်ကြောင်း အီတလီမြောက်ပိုင်းမြို့ ဗီရိုနာအနီးရှိ တိရစ္ဆာန်ရုံတစ်ခုဖြစ်တဲ့ ပါကို နာတူရာ ဗီဗာမှ ပြောရေးဆိုခွင့်ရှိသူ အလီဆာ လီဗီယာ ပန်နာချီအိုနီက အေအက်ဖ်ပီကို ပြောပါတယ်။

“သူက သူ့ရဲ့ ညပိုင်းနားနေတဲ့ နေရာဆီ ပြန်လာနေရာကနေ ကြမ်းပြင်ပေါ် ရုတ်တရက် လဲကျသွားခဲ့တာပါ၊ နာရီဝက်လောက်ကျတော့ သူ နှလုံးခုန်တာ ရပ်သွားခဲ့ပါတယ်” လို့ အလီဆာက ပြောပါတယ်။

ကြံ့ဖြူကြီး တိုဘီကို မပုပ်မသိုးအောင် ဆေးစီရင်ပြီး ထရန်တိုမြို့က MuSe သိပ္ပံပြတိုက်မှာ ပြသသွားမှာ ဖြစ်တယ်လို့လည်း အလီဆာက ပြောပါတယ်။ အဆိုပါ ပြတိုက်မှာ လွန်ခဲ့တဲ့ ငါးနှစ်က သေဆုံးထားတဲ့ ခြင်္သေ့ဖြူတစ်ကောင်ဖြစ်တဲ့ ဘလန်ကို ကိုလည်း အဲဒီလိုပဲ မပုပ် မသိုးအောင်လုပ်ပြီး ပြသထားပါတယ်။

ကြံ့ဖြူတွေဟာ ပုံမှန်အားဖြင့် လှောင်အိမ်နဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရှိချိန်မှာ အသက် ၄၀ အထိ အများဆုံး နေထိုင်ရှင်သန်ကြပြီး တောထဲမှာတော့ အရိုင်းသဘာဝနဲ့ ဆိုရင်တော့ အများဆုံး အသက် ၃၀ သက်တမ်းအထိ နေထိုင်ရှင်သန်ကြတယ်လို့ အလီဆာက ပြောပါတယ်။

ယခု တိုဘီ မသေဆုံးခင်က ယင်းရဲ့ အဖော် ကြံ့မဖြစ်တဲ့ ရှူးဂါးဟာလည်း ၂၀၁၂ ခုနှစ်က သေဆုံးထားခဲ့ပြီ ဖြစ်တာကြောင့် ပါကို နာရူတာ ဗီဗာ တိရစ္ဆာန်ရုံမှာ အသက် ၃၉ နှစ်အရွယ် ကြံ့ဖြူ ဘန်နို တစ်ကောင်တည်း ကျန်ရစ်တော့တာ ဖြစ်ပါတယ်။

တိုဘီကတော့ တောင်ပိုင်း ကြံ့ဖြူ တစ်ကောင်ဖြစ်ပြီး အဆိုပါ ကြံ့မျိုးစိတ်ဟာ မျိုးသုဉ်းအန္တရာယ် မရှိဘူးလို့ သတ်မှတ်ခံရတဲ့ ကြံ့မျိုးစိတ်တစ်ခု ဖြစ်ကာ ခန့်မှန်းခြေ ကောင်ရေ ၁၈,၀၀၀ ခန့် ရှိတယ်လို့ ကမ္ဘာ့သဘာဝ ဝန်းကျင် ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ WWF က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly