COVID-19 သောက်ဆေးအတွက် အမေရိကန်မှာ ခွင့်ပြုချက်ရရေး Merck ကုမ္ပဏီ ကြိုးပမ်း 

COVID-19 သောက်ဆေးအတွက် အမေရိကန်မှာ ခွင့်ပြုချက်ရရေး Merck ကုမ္ပဏီ ကြိုးပမ်း 
Photo - AFP

အောက်တိုဘာ ၁၂

အမေရိကန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Merck ဟာ ၎င်းတို့ ထုတ် COVID-19 ကုသတဲ့ သောက်ဆေးလုံးကို အမေရိကန်နိုင်ငံအတွင်းမှာ အရေးပေါ် အသုံးပြုခွင့်ရဖို့အတွက် တနင်္လာနေ့မှာ လျှောက်ထားပါတယ်။ 

ဒါဟာဆိုရင် COVID-19 ရောဂါ ကုသပျောက်ကင်းစေဖို့ သောက်ဆေးတစ်မျိုး ထွက်ပေါ်လာရေးမှာ အဓိက ခြေလှမ်းတစ်ရပ်လည်း ဖြစ်နေပါတယ်။ 

Merck ကုမ္ပဏီဟာ ဆေးရုံတက်ရောက် ကုသရမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဒီလအစောပိုင်းမှာ ပြောထားတဲ့ စမ်းသပ်ဆဲ သောက်ဆေးကို အတည်ပြုချက်ရရေးအတွက် လျှောက်ထားလာတာပဲ ဖြစ်ပါတယ်။ 

အဲဒီ ဆေးဟာ လူနာကို စိတ်ကျေနပ်အောင် နှစ်သိမ့်ပြီးပေးတဲ့ အာနိသင်မရှိတဲ့ အသွင်တူဆေး placebo နဲ့ နှိုင်းယှဉ်စမ်းသပ်ရာမှာ သေဆုံးမှုနှုန်းကို ၁၀၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စမ်းသပ်မှု နမူနာအတိုင်းအတာဟာ နည်းပါးပြီး ရာနှုန်းပိုင်းဖြတ် စာရင်းထုတ်လောက်အောင် စိတ်ချရမှုတော့ မရှိသေးပါ။ 

အမေရိကန်နဲ့ ကနေဒါပြင်ဖက်မှာ MSD လို့ ခေါ်ဆိုခံရတဲ့ Merck ကုမ္ပဏီကတော့ ကမ္ဘာအနှံ့က စည်းမျဉ်းထိန်းချုပ်ရေး အေဂျင်စီတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး လာမယ့် လတွေမှာ အရေးပေါ် အသုံးပြုခွင့် ဒါမှမဟုတ် ဈေးကွက်တင်သွင်းခွင့် အခွင့်အာဏာရဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ 

“ဒီ ကပ်ဘေးရဲ့ လိုအပ်ချက်က သာမန်ထက်ကို ထူးကဲသက်ရောက်နေတာ ဖြစ်တယ်၊ ဒါကြောင့် ကျွန်တော်တို့ မကြုံဖူးလောက်အောင် အလျင်စလို လုပ်ဆောင်နေရတာပဲ”လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌဖြစ်သူ ရောဘတ်ဒေးဗစ်က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

“၁၀ ရက်အတွင်း ရရှိထားတဲ့ အချက်အလက်တွေကို အမေရိကန် ဆေးဝါးနှင့် အစားအစာ ကြီးကပ်ကွပ်ကဲရေးဌာန FDA ဆီ တင်သွင်းထားပါပြီ”လို့ သူက ဖြည့်စွက်ဆိုပါတယ်။ 

အခု COVID-19 သောက်ဆေးကို လက်တွေ့စမ်းသပ်မှု နောက်ဆုံးအဆင့်မှာ Merck နဲ့ မိတ်ဖက် Ridgeback Biotherapeutics တို့က လူနာပေါင်း ၇၇၀ ဆီက အချက်အလက်တွေကို ပိုင်းဖြတ်တွက်ချက်ခဲ့တာပါ။ ဒီလူနာတွေမှာ ထက်ဝက်လောက်ကို ဆေး ငါးရက်တာ အပတ်ပြည့်အောင်ပေးပြီး ကျန်လူနာတွေကိုတော့ အသွင်တူ ဆေးတု ပေးခဲ့တာ ဖြစ်ပါတယ်။ 

လူနာအားလုံးဟာ COVID-19 ရောဂါလက္ခဏာပြ ဓာတ်ခွဲခန်းအတည်ပြု လူနာတွေပဲ ဖြစ်ကြပါတယ်။ အဲဒီ လူနာတွေမှာ ဆေးအစစ်ပေးကုသခဲ့တဲ့ လူနာရဲ့ ၇ ဒသမ ၃ ရာခိုင်နှုန်းက ၂၉ ရက်မြောက်မှာ ဆေးရုံ တက်ရောက်ရပြီး အသွင်တုဆေးပေးတဲ့ လူနာရဲ့ ၁၄ ဒသမ ၁ ရာခိုင်နှုန်း ဆေးရုံတက်ရောက်ခဲ့ရတာကြောင့် ဆက်စပ် ဘေးအန္တရာယ်များမှုနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ 

ပိုပြီး အရေးပါတာကတော့ ဆေးအစစ်ပေးတဲ့ လူနာတွေမှာ သေဆုံးသူ မရှိဘဲ အသွင်တူဆေး ပေးခဲ့တဲ့ လူနာတွေမှာတော့ ရှစ်ဦး သေဆုံးခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly