တူနီးရှားသမ္မတက အာဏာချုပ်ကိုင်ပြီး ၃ လအကြာ အစိုးရသစ် ခန့်အပ် 

တူနီးရှားသမ္မတက အာဏာချုပ်ကိုင်ပြီး ၃ လအကြာ အစိုးရသစ် ခန့်အပ် 
Photo - AFP

အောက်တိုဘာ ၁၂

တူနီးရှားနိုင်ငံမှာ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်ရိုက်မှု ကြီးမားနေချိန် အာဏာချုပ်ကိုင်ခဲ့တယ်လို့ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သူ သမ္မတ ကိုင်ဆေးအိဒ်ဟာ သီတင်း ၁၁ ပတ်အကြာမှာတော့ အစိုးရသစ် ခန့်အပ်တဲ့ အမိန့်ပြန်တမ်းတစ်စောင်ကို တနင်္လာနေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။ 

နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် နာဂျလာ ဘူဒန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ကျမ်းသစ္စာဆိုပွဲကို နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပါတယ်။ 

ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းရွေးချယ်ခံရပြီးကတည်းက ပထမဆုံးမိန့်ခွန်းအဖြစ် တနင်္လာနေ့မှာ ဘူဒန်က ‘အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဟာ အစိုးရသစ်ရဲ့ အရေးကြီးဆုံး ရည်မှန်းချက် ဖြစ်မယ်’လို့ ပြောဆိုပါတယ်။ 

တူနီးရှား ပြည်သူတွေရဲ့ လူနေမှုအဆင့်ကို မြှင့်တင်မှာ ဖြစ်သလို ယုံကြည်မှုတွေကိုလည်း ပြန်လည်ထွန်းတောက်စေမယ်လို့ သူက စိတ်ပိုင်းဖြတ်ပြောဆိုပါတယ်။ 

ဒါပေမဲ့ သမ္မတ ဆေးအိဒ်က ဝန်ကြီးချုပ်ရဲ့ အာဏာကို သိသိသာသာ လျှော့ချထားသလို စီမံအုပ်ချုပ်ရေးမှာ သူကိုယ်တိုင် ဦးစီးဦးဆောင်ပြုသွားမှာ ကျိန်းသေမလွဲ ရှိနေပါတယ်။ 

သမ္မတဟာ အရင် ဝန်ကြီးချုပ်ကို ဇူလိုင် ၂၅ ရက်က ဖယ်ရှားပြီး လွှတ်တော်ကိုလည်း ရပ်ဆိုင်းထားကာ တရားစီရင်ရေးအာဏာကိုပါ ချုပ်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီ လုပ်ဆောင်ချက်တွေဟာ အာဏာသိမ်းတာပဲ ဖြစ်တယ်လို့ အတိုက်အခံတွေက ပြောဆိုကြပါတယ်။ 

တရားရေးပညာရှင်ဟောင်းဖြစ်တဲ့ သမ္မတ ဆေးအိဒ်ဟာ လွှတ်တော်ရေးရာနဲ့ သမ္မတရုံး မျှသုံးစနစ်ကို ဖော်ဆောင်တဲ့ ၂၀၁၄ က ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြတ်တမ်း ဝေဖန်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ တူနီရှားမှာ အာဏာရှင်ဟောင်း ဇင်း အယ်လ် အက်ဘိုက်ဒင်း ဘန်အလီကို ဖြုတ်ချတဲ့ တော်လှန်ရေးတစ်ရပ်အပြီး သုံးနှစ်အကြာမှာ အခုဖွဲ့စည်းပုံကို ပြဋ္ဌာန်းခဲ့တာပဲ ဖြစ်ပါတယ်။ 

သမ္မတဟာ ဟစ်ချမ် မီချီချီ အစိုးရကို ထုတ်ပယ်ပြီး လွှတ်တော်အမတ်တွေရဲ့ ကင်းလွတ်ခွင့်ကို ဖယ်ရှားပြီး နှစ်လကျော်အကြာမှာ ဘူမိဗေဒ ပညာရှင် ဘူဒန်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့တာပါ။ 

တနင်္လာနေ့က အခမ်းအနားမှာ သမ္မတက တူနီးရှားမှာ ရင်ဆိုင်နေရတဲ့ ‘ဖြစ်အံ့ဆဲဆဲ ကြီးမားတဲ့ အန္တရာယ်’ ကြားမှာ ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်နေရတာပဲ ဖြစ်တယ်ဆိုပြီး ထပ်လောင်းပြောဆိုလာခဲ့ပါတယ်။ 

“ပြည်တွင်း၊ ပြည်ပမှာ ပုန်းလျှိုးကွယ်လျှိုး လျှို့ဝှက်ကြံစည်နေကြသူတွေ၊ ရာထူးနေရာကို ပြည်သူ့ဘဏ္ဍာ စိတ်ကြိုက်သုံးလို့ရတဲ့ နေရာဌာနလို့ ထင်မှတ်နေသူတွေ လက်တွင်းကနေ တူနီးရှားနိုင်ငံတော်ကို ကယ်တင်ဖို့ လုပ်ဆောင်နေရတာပဲ ဖြစ်တယ်”လို့ သမ္မတ ကိုင် ဆေးအိဒ်က ပြောပါတယ်။ 

တရားစီရင်ရေးမှာလည်း သန့်ရှင်းစင်ကြည်ရေးတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းကို သူက စိတ်ပိုင်းဖြတ် ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly