ကာကွယ်ဆေးထိုးထားတဲ့ ပြည်ပခရီးသွားတွေကို နိုဝင်ဘာကစပြီး လာရောက်ခွင့်ပြုဖို့ ထိုင်း စီစဉ်

ကာကွယ်ဆေးထိုးထားတဲ့ ပြည်ပခရီးသွားတွေကို နိုဝင်ဘာကစပြီး လာရောက်ခွင့်ပြုဖို့ ထိုင်း စီစဉ်
Photo - AFP

အောက်တိုဘာ ၁၂

ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် နည်းပါးတယ်လို့ ယူဆရတဲ့ နိုင်ငံတွေဆီကနေ လာရောက်မယ့် COVID-19 ကာကွယ်ဆေးထိုးပြီးဖြစ်တဲ့ နိုင်ငံခြားခရီးသွားတွေကို လာမယ့် နိုဝင်ဘာ ၁ ရက်ကစလို့ အပြည့်အဝ ပြန်လည်ဖွင့်လှစ်ကြိုဆိုဖို့ စီစဉ်နေတယ်လို့ ယင်းနိုင်ငံရဲ့ ခေါင်းဆောင်က အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။

နိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို အရေးတကြီး ကယ်တင်ဖို့ လိုအပ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောပါတယ်။

မျက်စိပသာဒ ဖြစ်တဲ့ ကမ်းခြေတွေ၊ စည်ကားတဲ့ ညပွဲလမ်းသဘင်တွေနဲ့အတူ ဆွဲဆောင်နိုင်တဲ့ ထိုင်းနိုင်ငံဟာ ကပ်ရောဂါဖြစ်ပွားမှု မတိုင်ခင်တုန်းက တစ်နှစ်ကို ခရီးသွားဧည့်သည် သန်း ၄၀ နီးပါးအထိ ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။ နိုင်ငံရဲ့ ဝင်ငွေ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးဟာ ယင်းရဲ့ ခရီးသွားလုပ်ငန်းကနေ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် COVID-19 နဲ့ ဆက်စပ်တဲ့ ခရီးသွားလုပ်ငန်း ပိတ်ပင်ကန့်သတ်ချက်တွေက နိုင်ငံ စီးပွားရေးကို အပြင်းအထန် ထိခိုက်စေခဲ့ပြီး စီးပွားရေးဟာ နှစ် ၂၀ ကျော်အတွင်း အဆိုးဆုံးအခြေအနေနဲ့ ကြုံထားခဲ့ရပါတယ်။

“ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် နည်းပါးတဲ့ နိုင်ငံတွေ” ကနေ လေကြောင်းကနေတဆင့် လာရောက်မယ့် ကာကွယ်ဆေးထိုးထားပြီးသား ခရီးသွားတွေအတွက် ထိုင်းနိုင်ငံရဲ့ နယ်စပ်တွေကို ပြန်လည်ဖွင့်လှစ်ပေးသွားမယ် ဆိုပြီး ဝန်ကြီးချုပ် ပရာယွတ်က အောက်တိုဘာ ၁၁ ရက်မှာ ကြေညာပါတယ်။

အန္တရာယ် နည်းပါးတယ်လို့ ယူဆရတဲ့ နိုင်ငံ ၁၀ နိုင်ငံထဲမှာ ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ ဂျာမနီ နဲ့ စင်္ကာပူတို့ ပါနေပါတယ်။

“သူတို့ ရောက်လာချိန်မှာ ဗိုင်းရပ်စ် မရှိဘူး ဆိုပြီး စစ်ဆေးထားပြီးသား အထောက်အထားကို ပြသရမှာ ဖြစ်သလို ရောက်ရောက်ချင်း ဗိုင်းရပ်စ် ရှိမရှိ တစ်ခါ ထပ်အစစ်ခံရမှာ ဖြစ်ပါတယ်” လို့ ပရာယွတ်က ရုပ်သံမိန့်ခွန်းကနေတဆင့် ပြောခဲ့ပါတယ်။

“အဲဒီမှာ ဗိုင်းရပ်စ် ကူးစက်ခံထားမှု မရှိဘူးဆိုတဲ့ အဖြေ ရပြီးနောက်ကျရင် သူတို့ဟာ ထိုင်းနိုင်ငံသားတွေလိုပဲ လွတ်လွတ်လပ်လပ် သွားလာလည်ပတ်နိုင်ပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

၎င်းရဲ့ ကြေညာချက်ကတော့ လက်ရှိမှာ ကာကွယ်ဆေးထိုးပြီးဖြစ်တဲ့ ခရီးသွားတွေ ဟိုတယ် ကွာရန်တင်း အနည်းဆုံး ခုနစ်ရက် ဝင်ရမယ် ဆိုပြီး သတ်မှတ်ထားတဲ့ လက်ရှိ ကန့်သတ်ချက်တွေကို သိသိသာသာ ပြေလျော့စေပါတယ်။

ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေကို ပေါ်ပြူလာ အပန်းဖြေကျွန်း ဖူးခက်မှာ လွတ်လပ်စွာ သွားလာခွင့်ပြုတဲ့ ထိုင်းရဲ့ sandbox အစီအစဉ်အရ လက်ရှိမှာ ခရီးသွားတွေဟာ ယင်းကျွန်းမှာ အနည်းဆုံးတစ်ပတ် ဆက်နေဖို့ လိုတယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ်အန္တရာယ် နည်းပါးတဲ့ ၁၀ နိုင်ငံထဲမှာ မပါတဲ့ အခြားနိုင်ငံတွေက အခြားခရီးသွားတွေကိုလည်း ကြိုဆိုသွားမှာ ဖြစ်ပေမယ့် ၎င်းတို့ကတော့ ကွာရန်တင်း ဝင်ရမှာ ဖြစ်တယ်လို့ ပရာယွတ်က ပြောပါတယ်။ လာမယ့် ဒီဇင်ဘာလကျရင် နောက်ထပ် နိုင်ငံတွေကိုလည်း မီးစိမ်းပြမယ့် စာရင်းထဲမှာ ထပ်ပေါင်းထည့်ပေးသွားဖို့ ရှိတယ်လို့ ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly