သံဃာများအပေါ် တန်ပြန်ဝါဒဖြန့်ရန် တပ်နယ်အလိုက် ဆရာ/ဒကာ စီမံချက်ကို အကောင်အထည် ဖော်ရန် စစ်ကောင်စီ ညွှန်ကြားထား

သံဃာများအပေါ် တန်ပြန်ဝါဒဖြန့်ရန် တပ်နယ်အလိုက် ဆရာ/ဒကာ စီမံချက်ကို အကောင်အထည် ဖော်ရန် စစ်ကောင်စီ ညွှန်ကြားထား
ဓာတ်ပုံ- CJ

အောက်တိုဘာ ၁၁

ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပတ်သက်သော ဆရာတော်များအား ဝင်ရောက် ရှာဖွေ ဖမ်းဆီးခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ သံဃာတော်များအပေါ် တန်ပြန်ဝါဒဖြန့်နိုင်ရန် တပ်နယ်အလိုက် ဆရာ/ဒကာ စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရန် အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားထားကြောင်း တပ်တွင်းမှပေါက်ကြားလာသော လျှို့ဝှက်စာတစ်စောင်တွင် ဖော်ပြထားသည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကိုယ်စား တိုင်းဦးစီးချုပ်မှ တပ်နယ်မှူးများသို့ အောက်တိုဘာလ ၈ ရက် နေ့လည်ပိုင်းက အွန်လိုင်းဗွီဒီယိုစနစ်ဖြင့် အစည်းဝေးခေါ်ယူရာတွင် ညွှန်ကြားခဲ့သည်များကို မှတ်တမ်းတင်ထားသည့် ယင်း လျှို့ဝှက်စာကို အတွင်းရေးဟု သတ်မှတ်ရေးသားထားသည်ကိုတွေ့ရသည်။

“ဆွမ်းကပ်ခြင်း၊ COVID -19 ကပ်ရောဂါဆိုင်ရာ ပစ္စည်းများ လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးကြရန်၊ သတင်း ထုတ်ပြန်နိုင်ရေး ဓာတ်ပုံမှတ်တမ်းနှင့် ၁၂ စက္ကန့်မှ ၁၅ စက္ကန့်အကြာ ဗွီဒီယို မှတ်တမ်းအား နေ့လည် ၁ နာရီ အချိန် အရောက်ပေးပို့ရန်၊ တန်ပြန်ဝါဒဖြန့်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း” ထိုလျှို့ဝှက်စာတွင် ရေးထားသည်။

စစ်ကောင်စီတပ်က PDF များနှင့် ပတ်သက်သော ဆရာတော်များအား သံဃာတုဟု ရည်ညွန်းပြီး ဘုန်းကြီးကျောင်းများတွင် PDF များနှင့် မပတ်သက်သည့် ၎င်းတို့က သံဃာအစစ်များ သတ်မှတ်ထားသော သံဃာတော်များအပေါ် တန်ပြန်ဝါဒဖြန့်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

မန္တလေးတွင် PDF နှင့်ပတ်သက်သော ဘုန်းကြီးများအား ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများ ဆောင်ရွက်နေရကြောင်း၊ အဆိုပါ ဘုန်းကြီးကျောင်းများတွင် သံဃာအစစ်များလည်း ရှိသဖြင့် တန်ပြန်ဝါဒဖြန့်နိုင်ရန် တပ်နယ်အလိုက် ဆရာ/ဒကာ စီမံချက်ကို အကောင်အထည်ဖော်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ယင်းစာတွင် ရေးသားဖော်ပြထားသည်။

တန်ပြန်ဝါဒ ဖြန့်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်မှ Central News Website တည်ဆောက်ထားပြီးဖြစ်၍ တပ်နယ်အလိုက်မှ အားသာချက်များအား ပေးပို့ရန်ဖြစ်ပြီး သက်ဆိုင်ရာ သင့်တော်သူများကို တာဝန်ပေးအပ်ရမည်ဟု လျှို့ဝှက်စာတွင် ပါဝင်သည်။

အောက်တိုဘာ ၃ရက် နေ့လယ်ပိုင်းတွင်လည်း မန္တလေး မြတောင်ကျောင်းတိုက် အပါအဝင်၊ ချမ်းသာကြီးတိုက်နှင့် မဟာဝိဇိတာရာမ ကျောင်းတိုက်ရှိ သံဃာအချို့ကို ဝင်ရောက်ရှာဖွေကာ သံဃာများ၏ ပစ္စည်းများကို သိမ်းဆည်းသွားခဲ့ကြောင်း သံဃသပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ဦးဆောင်ဆရာတော်တချို့ကမိန့်ကြားထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက် ညနေပိုင်းကလည်း မြောင်မြို့နယ် ၊ မင်းတန်းကျေးရွာရှိ စံပယ်ရုံကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာတော် ခြောက်ပါးအား PDF များကို လက်နက် ထောက်ပံ့နေသည်ဟု စွပ်စွဲကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly