COVID-19 ဖြစ်ပွားမှု နှေးကွေးသွားတာကြောင့် မလေးရှားမှာ ခရီးသွားကန့်သတ်ချက် ဖြေလျှော့ 

COVID-19 ဖြစ်ပွားမှု နှေးကွေးသွားတာကြောင့် မလေးရှားမှာ ခရီးသွားကန့်သတ်ချက် ဖြေလျှော့ 
Photo - AFP

အောက်တိုဘာ ၁၁

မလေးရှားနိုင်ငံမှာ ဆိုးဝါးစွာ COVID-19 ကူးစက်ဖြစ်ပွားမှု နှေးကွေးသွားပြီး ကာကွယ်ဆေးထိုးနှံပြီးသူ နှုန်းထားလည်း မြင့်မားတာကြောင့် ဆေးအပြည့်အဝ ထိုးနှံပြီးသူတွေအနေနဲ့ ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို တနင်္ဂနွေနေ့မှာ စတင်ဖြေလျှော့ပေးပြီ ဖြစ်ပါတယ်။ 

အရှေ့တောင်အာရှ မလေးရှားနိုင်ငံဟာ မကြာသေးတဲ့ လတွေအတွင်း COVID-19 အဆိုးဝါးဆုံး ကူးစက်ဖြစ်ပွားမှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တာကြောင့် အာဏာပိုင်တွေဟာ နိုင်ငံအနှံ့ တင်းကြပ်တဲ့ လော့ဒေါင်းတွေ ချမှတ်ခဲ့ရတာပါ။ 

ဒါပေမဲ့ ကူးစက်ဖြစ်ပွားနှုန်း ကျဆင်းလာတာနဲ့ ဆေးထိုးနှံမှုနှုန်း အရှိန်မြင့်လာတဲ့နောက်မှာ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ပြန်ဖွင့်လှစ်ခွင့်ပေးတာနဲ့ အလုပ်သမားတွေကို ဖြည်းဖြည်းချင်း အလုပ်ခွင့် ပြန်ဝင်စေတာတွေနဲ့အတူ အာဏာပိုင်တွေဟာ ကန့်သတ်ထိန်းချုပ်ချက်တွေကို စတင်ဖြေလျှော့လာနေခဲ့တာပါ။ 

တနင်္ဂနွေနေ့က ရုပ်သံကနေ မိန့်ခွန်းပြောရာမှာ ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူတွေဟာ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်သလို အထူး ခွင့်ပြုချက်မလိုဘဲ ပြည်ပလည်း ထွက်ခွာနိုင်ပါပြီလို့ ကြေညာခဲ့ပါတယ်။ 

“ကျန်းမာရေးဝန်ကြီးဌာနအရ အရွယ်ရောက်ပြီးသူတွေ ကာကွယ်ဆေး ထိုးနှံတဲ့နှုန်းထားဟာ ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိကြောင်း သိရတယ်”လို့ တနင်္လာနေ့မှာ စတင်အသက်ဝင်မယ့် ခုလို ဖြေလျှော့ပေးရတာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်က ရှင်းလင်းပါတယ်။ 

ဒါပေမဲ့ ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း တပ်ဆင်တာကနေ ဗိုင်းရပ်စ် စစ်ဆေးတာတွေလို စည်းမျဉ်းတွေကိုတော့ ဆက်လက်လိုက်နာကြရလိမ့်မယ်လို့ သူက သတိပေးပါတယ်။ 

“လွတ်လပ်ပြီဆိုပြီး ပေါ့ဆမသွားသင့်ဘူး၊ ဒါဟာ စီပွားရေး ပြန်ဖွင့်နိုင်ဖို့ အစိုးရက အားထုတ်နေတာမှာ အရေးကြီးတယ်”ဆိုပြီး ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီက ပြောပါတယ်။ 

မလေးရှားမှာ ဇန်နဝါရီလကစလို့ နိုင်ငံတွင်း ပြည်နယ်ချင်းကြား သွားလာမှုကို တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။ ပြည်ပခရီးထွက်ခွင့်ကိုလည်း အစိုးရစနစ်တစ်ရပ်ကနေပြီး လျှောက်ထားရတဲ့ အထူးခွင့်ပြုချက် ရရှိသူတွေကိုပဲ ထွက်ခွာသွားရောက်ခွင့် ပြုထားခဲ့တာ ဖြစ်ပါတယ်။ 

မလေးရှားဟာ မနှစ်က ကပ်ဘေးစတင်ချိန်မှာ ကန့်သတ်တားမြစ်ချက်တွေ ချမှတ်ပြီး နယ်စပ်ကို ပိတ်ရင်း ဗိုင်းရပ်စ်ပထမလှိုင်းကို အတော်လေး ရှောင်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ကူးစက်မှု ပိုမြန်တဲ့ Delta မျိုးကွဲကြောင့် အခုနှစ်မှာတော့ တော်တော်လေး အထိနာခဲ့တာ ဖြစ်ပြီး ဩဂုတ်လအတွင်းမှာ တစ်နေ့ကို ကူးစက်သူပေါင်း ၂၀၀၀၀ ကျော်ထက်မနည်း ရှိခဲ့သလို သေဆုံးသူနှုန်းဟာလည်း ရာနဲ့ချီ ရှိခဲ့တာပါ။ 

ဒါပေမဲ့ အရှေ့တောင်အာရှမှာ ကာကွယ်ဆေး ထိုးနှံပေးမှု အရှိန်အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တဲ့နောက်မှာ ကူးစက်ဖြစ်ပွားမှု နှေးကွေးသွားခဲ့ပါတယ်။ လူဦးရေ ၃၂ သန်းရှိ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၂ ဒသမ ၃ သန်း ရှိပြီး သေဆုံးသူ ၂၇၀၀၀ ရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly