ပဲခူးမြို့တွင်း စစ်ကောင်စီတပ်ကားကြီး ၂စီးဆွဲမိုင်းထိ သေကြေဒဏ်ရာရမှု များနိုင်

ပဲခူးမြို့တွင်း စစ်ကောင်စီတပ်ကားကြီး ၂စီးဆွဲမိုင်းထိ သေကြေဒဏ်ရာရမှု များနိုင်
ပုံစာ ။ ။ ဧပြီလ၉ရက်နေ့တွင် ဖြိုခွင်းခံခဲ့ရသည့် မဂ္ဂတစ်ခံတပ်

အောက်တိုဘာ ၁၁

ပဲခူးမြို့တွင်းမှာပင် အာဏာသိမ်းစစ်တပ်၏ စစ်ကားကြီးနှစ်စီးကို ဒေသခံ ကာကွယ်ရေးတပ်များက ယနေ့နေ့လည်က ဆွဲမိုင်းဖြင့် တိုက်ခိုက်လိုက်သည် ဟု မဇ္ဈိမကိုပြောသည်။

နေ့လည်၂နာရီခွဲအချိန်တွင် တိုင်းအထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းမှ ထွက်လာသည့် စစ်သည်တင်ထရပ်ကားကြီးနှစ်စီးကို တပင်ရွှေထီးလမ်းမ ပေါ်တွင် မိုင်းခွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ကပြောသည်။

“ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဆွဲမိုင်းနဲ့တိုက်ခိုက်တာပါ။ ကားနှစ်စီးထိတယ်။ ၁၀ယောက်အနည်းဆုံးသေမယ်။ မနက်က ဒလန်အိမ်ကို တိုက်ခိုက်တာလည်း ကျွန်တော်တို့ အဖွဲ့ပါပဲ” ဟု ကာကွယ်ရေးတပ် ပြောခွင့် ရှိသူတစ်ဦးကပြော သည်။

နံနက် ၆ နာရီခန့်က သရက်တော (၁) လမ်းနေ ရာအိမ်မှူး ကိုမောင်ဦး၏ နေအိမ်ဗုံးပစ်ခံရခြင်းကြောင်း ရာအိမ်မှူးကိုယ်တိုင်အပြင် ဇနီးသည်နှင့် ကလေးနှစ်ဦးပါ ဒဏ်ရာရသွားခဲ့မှုကို သူက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

စစ်ကားများ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ပဲခူးမြို့အတွင်း စစ်ကောင်စီတပ်မှ အင်းအားအများအပြားဖြင့် နေရာစုံပိတ်ဆို့ရှာဖွေနေပြီး အမျိုးသားများကို အင်္ကျီ ချွတ်ခိုင်းကာ စစ်ဆေးမှု့ပြုလုပ်နေခဲ့သည်။

ထို့အပြင် မဂ္ဂတစ်လမ်းဆုံကိုလည်း ပိတ်ထားပြီး ဆိုရှယ်လစ်ရပ်ကွက်၊ မှော်ကန် ရပ်ကွက်မှ ပြည်သူများကို အပြင်ထွက်ခွင့်ပိတ်ပင်ထားသည်။

မဂ္ဂတစ်လမ်းဆုံနေရာသည် ဧပြီလအတွင်းက ပဲခူးမြို့၏ အကြီးဆုံး ဆန္ဒပြ ခံတပ်ရှည်ကြီးရှိခဲ့ရာ နေရာတစ်ခုဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က RPG စိန်ပြောင်းများ၊ ၄၀ မမ ဗုံးသီး များ၊ စက်သေနတ်များ အသုံးပြုကာ ဧပြီလ ၉ ရက်မနက်ခင်းက ပစ်ခတ်ဖြိုခွင်း မှုကြောင့် လူအသေအပျောက်များခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly