ဓနုဖြူမြို့နယ် EPC ရုံးရှေ့ ဗုံးပေါက်

ဓနုဖြူမြို့နယ် EPC ရုံးရှေ့ ဗုံးပေါက်

အောက်တိုဘာ ၁၁

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ ၊ (၁၂)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး (EPC ရုံး) ရှေ့တွင် ယမန်နေ့ အောက်တိုဘာလ ၁၀ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား‌ကြောင်း ဒေသခံများထံက သိရသည်။

ဗုံးပေါက်ကွဲခဲ့သည့် EPC ရုံးမှ ဝန်ထမ်းများသည် စစ်အုပ်စုက အာဏာသိမ်းပြီး နောက်ပိုင်း

ဒေသခံများ၏ အိမ်သို့လစဥ် မီတာစာရွက်များ လိုက်ပေးနေသည်ဟုသိရပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိ‌ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အာဏာသိမ်းပြီးနောက်ပိုင်း တခြားမြို့တွေမှာ မီတာစာရွက်တွေပေးတာ ရပ်လိုက်ကြသေးတယ်။ ဓနုဖြူလျှပ်စစ်ရုံးကတော့ လတိုင်းလိုလို မီတာစာရွက်တွေလိုက်ပေးနေတယ်။ အဲဒါကြောင့် PDF တွေက သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတာထင်တယ်"ဟု ၎င်း ဒေသခံက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံထုတ်ပြန်မှု တစ်စုံတစ်ရာမရှိသေးပေ။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်အုပ်စုနှင့်ရဲများက EPC ရုံးအနီး ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁၁ ရက်တွင် စစ်အုပ်စုနှင့် ရဲများက မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင်ပါ ယခင်ရက်များကထက်ပိုပြီး စစ်ဆေးခြင်းများပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly