ဧရာဝတီတိုင်းရှိ လဝက CDM ဝန်ထမ်း ၁၂၅ဦး၏ နေရာကို စစ်ကောင်စီက အစားထိုးခန့်အပ်

10 October 2021
ဧရာဝတီတိုင်းရှိ လဝက CDM ဝန်ထမ်း ၁၂၅ဦး၏ နေရာကို စစ်ကောင်စီက အစားထိုးခန့်အပ်

အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ၁၂၅ဦး နေရာတွင် စစ်ကောင်စီက ဝန်ထမ်းအသစ်များ အစားထိုး ခန့်အပ်လိုက်ကြောင်း CDM ဝန်ထမ်းများထံက သိရသည်။

အစားထိုး ခန့်အပ်ကြောင်း ညွှန်ကြားစာကို သက်ဆိုင်ရာ ရုံးများရှေ့တွင် ကပ်ထားပြီး ထိုညွှန်ကြားစာကိုလည်း မဇ္ဈိမက လက်ခံရရှိထားသည်။

“အရင်နေ့စားသမားတွေကို ရာထူးပေးခန့်တာရော အသစ်တွေရော ပါတယ်။ အရှက်မရှိလို့ ဒီလိုအချိန် ခွေးတိုးပေါက်ကနေ ဝင်လျှောက်ပြီး အလုပ်လိုချင်တဲ့ဟာတွေကို မှတ်ပေးကြပါ။ ပြည်သူ့အစိုးရ ပြန်တက်လာတဲ့အချိန် သူတို့ကို အရေးယူပေးဖို့ပါ။ NUGကို တောင်းဆိုချင်ပါတယ်”ဟု လဝက CDMဝန်ထမ်း အမျိုးသမီးတစ်ဦးကပြောသည်။

ညွှန်ကြားစာတွင် လဝက ဝန်ကြီးဌာန၏ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ထမ်းလောင်း ၁၂၅ဦးအား အလုပ်စတင်ထမ်းဆောင်သည့် နေ့မှစ၍ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ရာထူးခန့်အပ်လိုက်သည်ဟု ဖော်ပြထားသည်။

လစ်လပ် နေသည့် လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ရာထူးအတွက် လူအသစ်အခြေခံလစာ ၁၈၀,၀၀၀ ကျပ်နှင့် အစားထိုး ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟုလည်း CDMဝန်ထမ်း တစ်ဦးက ဆိုသည်။

ဧရာဝတီတိုင်းတွင် ယခင်က လဝက CDM ဝန်ထမ်း ဦးရေ ၂၀၀နီးပါးရှိပြီး ၎င်းတို့အနက် အယောက် ၅၀ခန့်မှာ စစ်ကောင်စီလက်အောက်၌ အလုပ်ပြန်လည် လုပ်ကိုင်ပါမည်ဟု လက်မှတ်ထိုးကာ အလုပ်ပြန်ဝင်သွားကြကြောင်း လဝက CDMဝန်ထမ်းများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required