အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းအတွင်းရှိ စာသင်ကျောင်းများကို နိုဝင်ဘာလတွင် ပြန်ဖွင့်ရန် အောက်တိုဘာ ၅ ရက် ရက်စွဲဖြင့် အခြေခံပညာစာသင်ကျောင်းများအား စစ်ကောင်စီက ညွှန်ကြားထားကြောင်း အခြေခံပညာ ပညာရေး ဝန်ထမ်းများထံက သိရသည်။
အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်အတွက် ဧရာ၀တီတိုင်းဒေသကြီးအတွင်းက စာသင်ကျောင်းများထံ မြို့နယ်ပညာရေးမှူးရုံး မှတစ်ဆင့် ညွှန်ကြားထားခြင်းဖြစ်သည်။
COVID -19 ကပ်ရောဂါကြောင့် စာသင်ကျောင်းများပိတ်ထားရပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ် တစ်နှစ်နောက်မကျစေရေးအတွက်ဆိုကာ အောက်တိုဘာလအကုန် နိုဝင်ဘာလဆန်းတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် စာသင်ခန်းများအား သန့်ရှင်းရေးလုပ်ဆောင်ရန်နှင့် ကြိုတင်ပြင်ဆင်ထားကြရန် စစ်အုပ်စုက ညွှန်ကြားထားခြင်းဖြစ်သည်။
“ရေကြည်မြို့က စာတော့တွေ့တယ် ။ တခြားမြို့တွေကလည်း မက်ဆင်ဂျာကနေ လာပြောကြတယ်။ ပြန်ဖွင့်ဖို့ ပြင်နေတာ သူတို့က၊ Non CDMသမားတွေကို ခိုင်းနေတာ၊ ပုံမှန်ပညာသင်နှစ်ဆိုရင်တောင် အခုလိုအချိန်မှာမှ ပြန်ဖွင့်ရင် ဘာမှလုပ်လို့မလွယ်ဘူး။ သင်ရိုးအကုန်သင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့လက်ထက်မှာ ကျောင်းတွေပြန်ဖွင့်ပါတယ်။ အေးဆေးပါဆိုတာကို ပြချင်တာနဲ့ ခင်ညွန့်တုန်းကလို မအောင်မရှိ ငါ့တပည့်လုပ်ပြီး အတန်းတင်ပေးလိုက်ရင် ပညာရေးက သွားပြီ”ဟု CDM ကျောင်းဆရာတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် အခြေခံကျောင်းများကို ပြန်ဖွင့်လိုသည့်အတွက် မြို့နယ်များတွင် ကျောင်းအပ်ထားသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို COVID -19 ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံရန် လိုက်လံကြေညာနေကြောင်း ဒေသခံများထံမှ သိရသည်။