အာဖဂန် အကျပ်အတည်းနှင့် အိန္ဒိယ-တာဂျစ်ကစ္စတန် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှု

By Economic Times
10 October 2021
အာဖဂန် အကျပ်အတည်းနှင့် အိန္ဒိယ-တာဂျစ်ကစ္စတန် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှု

အာဖဂန်နစ္စတန်တွင် နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်မှုနှင့် နိုင်ငံရေး အင်စတီကျူးရှင်းများ ယိုယွင်းပျက်စီးမှုတို့က လက်ရှိ တာလီဘန်တို့၏ အုပ်ချုပ်မှုအောက်တွင် သိသိသာသာ ဖြစ်ပေါ်လျက် ရှိသည်။ ဒုက္ခသည်များ စီးဝင်မှုနှင့်အတူ အဆိုပါ ဒုက္ခပြဿနာများ ဒဏ်ခံထားရသည့် နိုင်ငံကနေ ဘေးဘက်ကပ်လျက်ဒေသများဆီသို့ အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒတို့ တစ်ဟုန်ထိုး တိုးပွားလာမှုတစ်ခုတို့ ရှိလိမ့်မည် ဆိုပြီး မူဝါဒ အကဲခတ်များအကြား ကျယ်ပြန့်သည့် အမြင်တူညီမှုတစ်ခုလည်း ရှိနေသည်။ ယင်းသို့ ဖြစ်ခြင်း၏ အကြောင်းမှာ တာလီဘန်တို့ ကိုယ်၌ကလည်း အာဖဂန်နစ္စတန်တွင် နိုင်ငံအုပ်ချုပ်ခွင့်အတွက် အများပြည်သူ၏ ထောက်ခံမှုကို ရရှိမထားသည့် အစွန်းရောက်၊ အကြမ်းဖက် အဖွဲ့အစည်းတစ်ခု ဖြစ်သလို ယင်းသည် အဓိကအားဖြင့် ပါကစ္စတန်၊ တရုတ် နှင့် တူရကီ တို့၏ ထောက်ပံ့မှုဖြင့် အဓိက လုပ်ကိုင်နေသည့် အဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့် လများအတွင်း တာလီဘန်တို့ ယင်းနိုင်ငံတွင် အာဏာအတင်းအကျပ် ရယူသိမ်းပိုက်ခဲ့ခြင်းကြောင့် လူနည်းစု မျိုးနွယ်အုပ်စုများနှင့် အမျိုးသမီးများသည် အကြီးအကျယ် ထိခိုက်ခံစားနေကြရကြောင်း လေ့လာချက်များက ပြောသည်။

တာလီဘန်တို့ အာဏာရသွားခဲ့ခြင်းက ပြည်တွင်းနိုင်ငံရေးအတွက်သာမက ဒေသတွင်း လုံခြုံရေးအပေါ်မှာပါ ဂယက်ရိုက်မှုများ ရှိသည်။ ဤအခြေအနေအောက်တွင် အိန္ဒိယနှင့် တာဂျစ်ကစ္စတန်တို့သည် အာဖဂန်နစ္စတန်ကနေ ပေါ်ထွက်လာနေသည့် လုံခြုံရေး ခြိမ်းခြောက်မှုများကို ဟန့်တားရန်အတွက် ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်နိုင်သည်။ ဤ အဆင့်တွင် အဆိုပါ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုက လိုအပ်ပြီး အကြောင်းမှာ အဆိုပါ နှစ်နိုင်ငံစလုံးသည် အာဖဂန်နစ္စတန်၏ လုံခြုံမှု၊ တည်ငြိမ်မှုနှင့်ပတ်သက်ပြီး တူညီသော အမြင်တစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။

အလားတူ ယခင်ကာလကလည်း နယူးဒေလီ နှင့် ဒူရှန်ဘီ တို့သည် ၁၉၉၀ ပြည့်နှစ်ကာလအတွင်း အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ ပထမတစ်ကြိမ် အာဏာရခဲ့စဥ်က အဆိုပါ တာလီဘန်အဖွဲ့အပေါ် ဆန့်ကျင်ရာတွင် ပူးပေါင်းလုပ်ဆောင်ထားခဲ့သည်။

တချိန်တည်းမှာပင် တာလီဘန်တို့သည် တရားဝင်ဖြစ်မှု မရှိဘဲ အာဖဂန်နစ္စတန်၏ အုပ်ချုပ်သူသစ်အဖြစ် ပေါ်ထွက်လာခဲ့ပြီးနောက်တွင် တာဂျစ်ကစ္စတန်သည် အဓိက ပြဿနာရပ်များနှင့် ရင်ဆိုင်နေရသည်။

တာလီဘန်တို့ လက်အောက်တွင် ဖိစီးနှိပ်စက်ခံရမည်ကို စိုးရိမ်ပြီး အာဖဂန်နစ္စတန်ရှိ တာဂျစ် လူအစုအဖွဲ့ (တာဂျစ်များက အာဖဂန်နစ္စတန် လူဦးရေ၏ ၂၇ ရာခိုင်နှုန်းခန့် ရှိ) သည် တာဂျစ်ကစ္စတန်သို့ ထွက်ပြေးနေကြသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ထားခဲ့သည်။

အလားတူ တာလီဘန်တို့ အာဏာရလာမှုနှင့်အတူ ဝင်ငွေဖြစ်ထွန်းရရှိစေရေးအတွက် အာဖဂန်နစ္စတန်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု များများစားစား မြင့်တက်နိုင်သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ထားခဲ့သည်။ ယင်းက တာဂျစ်ကစ္စတန်၏ အီမိုမာလီ ရာမွန် အစိုးရအတွက် ထပ်တိုး လုံခြုံရေး စိန်ခေါ်မှုများကို ဖန်တီးပေးနေသည်။ တာဂျစ်ကစ္စတန်သည် အာဖဂန်နစ္စတန်မှ မူးယစ်ဆေး တရားမဝင် သယ်ယူပို့ဆောင်မှုအတွက် အဓိက အကူးအပြောင်းနေရာ ဖြစ်လာနေသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာများတွင် ပြီးခဲ့သည့်နှစ်များအတွင်း ဖော်ပြထားခဲ့သည်။

အိန္ဒိယသည်လည်း တာလီဘန်တို့ထံမှ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။ အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ သိမ်းပိုက်ပြီးနောက်ပိုင်း ပင်လယ်ရေလမ်းကြောင်းကနေတဆင့် အာဖဂန်မူးယစ်ဆေးများ အိန္ဒိယသို့ ရွှေ့ပြောင်းရောက်ရှိနေသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ထားခဲ့သည်။ အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ သိမ်းပိုက်သွားနိုင်မှုက အစွန်းရောက်နှင့် အကြမ်းဖက်အဖွဲ့များအတွက် တွန်းအား ရသွားလိမ့်မည် ဆိုပြီး လုံခြုံရေးဆိုင်ရာ အကဲခတ်များက ထင်မြင်ယူဆနေခြင်းနှင့်အတူ ၎င်းတို့သည် အိန္ဒိယ၏ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။

အိန္ဒိယ-တာဂျစ်ကစ္စတန် ဆက်ဆံရေးပိုင်းနှင့်ပတ်သက်လျင် နှစ်နိုင်ငံစလုံးသည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် မတူညီသော နယ်ပယ်များတွင် ၎င်းတို့၏ ဆက်ဆံရေးကို မဟာဗျူဟာကျ လုပ်ဆောင်ထားသည်။ အိန္ဒိယသည် ဒူရှန်ဘီအနီး လေတပ်စခန်းတစ်ခု ရှိသလို ယင်းသည် အတိတ်ကာလက အာဖဂန်နစ္စတန်၏ အရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီ ပေးပို့ရာတွင် အဓိက ကျသည့် နေရာကနေ ပါဝင်ခဲ့သည်။ ဤ လေတပ်အခြေစိုက်စခန်းသည် အာဖဂန်နစ္စတန်ကို တာလီဘန်တို့သိမ်းပိုက်ပြီးနောက် ကဘူးလ်တွင် သောင်တင်နေသည့် အိန္ဒိယသားများကို ရွှေ့ပြောင်းရန် အသုံးပြုခဲ့ရသည့် အခြေစိုက်နေရာတစ်ခုအဖြစ် လူသိများခဲ့သည်။

အာဖဂန်နစ္စတန်တွင် “အားလုံး ပါဝင်သော နိုင်ငံရေး လုပ်ငန်းစဥ်” တစ်ခု ရှိသင့်သည် ဆိုပြီး အိန္ဒိယနှင့် တာဂျစ်ကစ္စတန် နှစ်နိုင်ငံစလုံးအကြား တူညီသော အမြင်တစ်ခု ရှိသည်။ တချိန်တည်းမှာပင် အာဖဂန်နစ္စတန်နှင့် အိမ်နီးချင်းဒေသများတွင် အကြမ်းဖက်ဝါဒကို ဆက်လက်တည်တံ့စေလျက် ရှိသည့် တာလီဘန်နှင့် ISKP ကဲ့သို့ အစွန်းရောက်အဖွဲ့များ၏ အခန်းကဏ္ဍကို ဒေလီနှင့် ဒူရှန်ဘီတို့က ပယ်ချထားသည်။ အာဖဂန်တွင် တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်ခဲ့မှုအပေါ် အိန္ဒိယနှင့် တာဂျစ်ကစ္စတန် တို့က အပြင်းအထန် ဝေဖန်ထားခဲ့သည်။ ယင်းအတွက်ကြောင့် ဤ အပိုင်းနှင့်ပတ်သက်ပြီး အာဖဂန်နစ္စတန်တွင် နိုင်ငံရေး တည်ငြိမ်မှု ရစေရန် အိန္ဒိယနှင့် တာဂျစ်ကစ္စတန်အကြား ပိုမိုနီးကပ်သည့် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုကို ကြိုတင်ရှုမြင်နိုင်သည်။ တာလီဘန် အုပ်ချုပ်မှုကို ဒေလီရော၊ ဒူရှန်ဘီရော ကပါ လက်မခံထားသည့်အတွက် အမ်ရူလာ ဆာလာဟ် (ယခင် အာဖဂန်အစိုးရ၏ ဒုသမ္မတ) ကို အာဖဂန်နစ္စတန်၏ ပြည်ပရောက်အစိုးရ သမ္မတအဖြစ် အသိအမှတ်ပြုရန် လိုမည် ဖြစ်သည်။

အချုပ်အားဖြင့် အိန္ဒိယနှင့် တာဂျစ်ကစ္စတန်တို့သည် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် အပျက်သဘောဆောင် ဆိုးကျိုးအခြေအနေများကို တားဆီးဟန့်တားရန် ပူးပေါင်းလုပ်ဆောင်သွားနိုင်သည်။ ဤ အကျပ်ဒုက္ခတွေ့နေသည့် ကျရှုံးနိုင်ငံ အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းရေး ဆောင်ကြဥ်းနိုင်ရန်အတွက် အမ်ရူလာ ဆာလာဟ် အစိုးရကို အသိအမှတ်ပြုခြင်းကနေတဆင့် အိန္ဒိယနှင့် တာဂျစ်ကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်မှုက မုချလိုအပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly