ဘာလိုချီစတန်ရှိ ရက်စက်ယုတ်မာမှုများအတွက် တက်ကြွလှုပ်ရှားသူများက ပါကစ္စတန်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်

By Sify
10 October 2021
ဘာလိုချီစတန်ရှိ ရက်စက်ယုတ်မာမှုများအတွက် တက်ကြွလှုပ်ရှားသူများက ပါကစ္စတန်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်၌ ဖြစ်ပွားသော ပစ်မှတ်ထား သတ်ဖြတ်မှုများနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများအပေါ် ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို မကြာသေးခင်က ဂျာမနီနိုင်ငံရှိ ဘာလင်ဂိတ်ဝ အရှေ့ဘက်တွင် လုပ်ဆောင်ခဲ့သည်။

ထို ဆန္ဒထုတ်ဖော်ပွဲတွင် ဘာလို့ချ်လူမျိုး ဆန္ဒပြသူများက လက်ကိုင်ပိုစတာများ၊ စာတန်းများ ကိုင်ဆောင်ခဲ့ကြပြီး ပါကစ္စတန်၏ အရင်းအမြစ် ပေါကြွယ်ဝသည့် ဘာလိုချီစတန်ပြည်နယ်တွင် ဖြစ်ပွားထားခဲ့သည် ဆိုသည့် လူမဆန်သည့် ရက်စက်ယုတ်မာမှု လုပ်ရပ်များအပေါ် ဆန့်ကျင်ရင်း ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဘာလိုချီစတန်တွင် ပါကစ္စတန်တပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားသူများကို ဥပဒေမဲ့ သတ်ဖြတ်မှု ဖြစ်စဥ်များအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို သတ်ဖြတ်နေမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ရဲရဲတင်းတင်း ထုတ်ဖော်ဆန့်ကျင်ရေးအတွက် ဟောပြောသူတို့က ဆန္ဒပြပွဲအတွင်း တိုက်တွန်းခဲ့သည်။

ဂျာမနီ ဇုန်နယ်မြေဆိုင်ရာ ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှု၏ ဥက္ကဋ္ဌ ဟမ်မဲလ် ဘာလို့ချ် ၊ အထွေထွေအတွင်းရေးမှူး အက်ရှ်ဂါ အလီ ၊ ဘာလို့ချ် ရီပတ်ဘလစ်ကန် ပါတီ (BRP) ဂျာမနီ၏ အဖွဲ့ဝင် ဖာဝက်ဇ် ဘာလို့ချ် နှင့် ဒေသဆိုင်ရာ လူမှု တက်ကြွလှုပ်ရှားသူများက အဆိုပါ စုဝေးဆန္ဒပြပွဲတွင် ဟောပြောခဲ့ကြသည်။ ဥပဒေမဲ့ သတ်ဖြတ်မှု ဖြစ်စဥ်များနှင့်အတူ ပျောက်ဆုံးလူပုဂ္ဂိုလ်များကို ပစ်မှတ်ထားသတ်ဖြတ်မှု ဖြစ်ရပ်သစ်များက လူသားဆိုင်ရာ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်သည်ဟု ဟောပြောသူများက ပြောဆိုကြသည်။

နှစ်များစွာအတွင်း ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီများ လက်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရစဥ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဥပဒေမဲ့ သတ်ဖြတ်နေခြင်းက ဘာလို့ချ် လူမျိုးတုန်းသတ်ဖြတ်မှုကို ဆက်လက်လုပ်ဆောင်နေခြင်းပင် ဖြစ်ကြောင်း၊ အကယ်၍ ယင်းကဲ့သို့သော ရက်စက် ယုတ်မာမှုများ အပေါ် နိုင်ငံတကာ လူ့အခွင့်အ‌ရေးအဖွဲ့များက ဆက်လက်နှုတ်ဆိတ်နေပါက လူသားဆိုင်ရာ ကံဆိုးမိုးမှောင်ကျမှုတစ်ခု ဘာလိုချီစတန်တွင် ပေါ်ပေါက်နိုင်ကြောင်း ဂျာမနီ ဇုန်နယ်မြေဆိုင်ရာ ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှု၏ ဥက္ကဋ္ဌ ဟမ်မဲလ် ဘာလို့ချ်က ပြောသည်။

ဂျာမနီ ဇုန်နယ်မြေဆိုင်ရာ ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှု၏ အထွေထွေအတွင်းရေးမှူး အက်ရှ်ဂါ အလီ ဘာလို့ချ်က ပြောကြားရာတွင် ပြီးခဲ့သည့် နောက်ဆုံးနှစ်လအတွင်း ပျောက်ဆုံးနေခဲ့သော ဘာလို့ချ်လူမျိုး ၂၈ ဦးကို ပါကစ္စတန်ရဲတပ်ဖွဲ့ ၊ အကြမ်းဖက်မှု နှိမ်နင်းမှု ဌာနတို့က ဖမ်းဆီးထိန်းသိမ်းစဥ်အတွင်း ဥပဒေမဲ့ သတ်ဖြတ်ခဲ့သည်ဟု ပြောခဲ့သည်။ ဥပဒေမဲ့ သတ်ဖြတ်ခံရသူ အားလုံးသည် ထောက်လှမ်းရေး အေဂျင်စီများက အတင်းအကျပ် ပျောက်ကွယ်ထားစေမှုများ၏ စတေးခံရသူများ ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း ပါကစ္စတန် သိမ်းပိုက်အုပ်ချုပ်မှု တပ်ဖွဲ့များသည် ဘာလိုချီစတန်တွင် ရက်စက်ယုတ်မာမှု လုပ်ရပ်များကို ကျူးလွန်ထားခဲ့ပြီး လူပုဂ္ဂိုလ်များကို အတင်းအကျပ် ပျောက်ကွယ်စေမှုများမှ စပြီး ထောင်သွင်းအကျဥ်းချမှု၊ လူမဆန်သည့် နည်းလမ်းများဖြင့် ပြစ်ဒဏ်ပေးမှုများနှင့် ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခံထားရသည့် အလောင်းများကို လမ်းဘေးနေရာများ သို့မဟုတ် လူသူမနေသော နေရာများတွင် စွန့်ပစ်ထားမှုများအထိ ပါဝင်ထားခဲ့သည်။

သို့ရာတွင် ပါကစ္စတန်ရှိ ရက်စက်ယုတ်မာမှုများသည် ကြိုမြင်နိုင်သည့် အနာဂတ်တွင် ရပ်တန့်သွားဖွယ် မရှိပေ။ ယင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် ပါကစ္စတန်အာဏာပိုင်တို့သည် တစ်နေ့တစ်ခြား ယင်း၏ ဖိနှိပ်မှုကို မြှင့်တင်လျက် ရှိသည်။

၎င်းတို့ ဘယ်တုန်းကမှ ကျူးလွန်ထားခဲ့ခြင်းမရှိသည့် ပြစ်မှုများအတွက် ပြစ်ဒဏ်ကျခံနေကြရသော၊ စွဲချက်မရှိဘဲ ပါကစ္စတန် ညှင်းပန်းနှိပ်စက်မှု အကျဥ်းခန်းများအတွင်း ထိန်းသိမ်းခံထားခဲ့ရသော ဘာလို့ချ် တက်ကြွလှုပ်ရှားသူ ထောင်နှင့်ချီကို ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း ပါကစ္စတန်အာဏာပိုင်တို့က အတင်းအကျပ် ပျောက်ကွယ်ထားစေခဲ့သည်ဟု အက်ရှ်ဂါ ဘာလို့ချ်က ပြောသည်။

လက်ရှိတွင် ပါကစ္စတန်သည် ဘာလို့ချ် ပျောက်ဆုံးသူများဆိုင်ရာ လှုပ်ရှားမှုကို ကဖျက်ကယက်လုပ်ရန်အတွက် ဘာလို့ချ်လူမျိုး ပျောက်ဆုံးနေသူများကို ဖမ်းဆီးထိန်းသိမ်းထားစဥ် ဥပဒေမဲ့ သတ်ဖြတ်မှုကို ကျူးလွန်လျက် ရှိသည်။

ဥပမာတစ်ခုက ဆက်ဒမ် ဘာလို့ချ်၏ ဖြစ်စဥ် ဖြစ်သည်။ ၎င်းသည် ဘာလို့ချ် အမျိုးသားရေးလှုပ်ရှားမှု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၎င်းကို ပါကစ္စတန်တပ်ဖွဲ့များက ၂၀၁၈ ခုနှစ် ဧပြီလတွင် ကရာချိမြို့ကနေ အတင်းအကျပ် ပျောက်ကွယ်စေခဲ့ပြီး ယင်းနောက် ၎င်းသည် ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရသည်။

ပျောက်ဆုံးနေသူများကို ဥပဒေမဲ့ သတ်ဖြတ်မှုအတွက် ဘာလို့ချ် ရီပတ်ဘလစ်ကန် ပါတီ (BRP) အဖွဲ့ဝင် ဖာဝက်ဇ် ဘာလို့ချ်က ပါကစ္စတန် အကြမ်းဖက်မှု တိုက်ဖျက်မှုဌာန (CTD) အပေါ် အပြင်းအထန် ပြစ်တင်ခဲ့သည်။ ဘာလိုချီစတန်နှင့် ဘာလို့ချ်များအပေါ် ဖိနှိပ်မှု မှန်သမျှကို တားဆီးရန်မှာ မိမိတို့၏ အမျိုးသားရေး တာဝန်ဖြစ်သည်ဟု ၎င်းက ပြောသည်။ အကယ်၍ မိမိတို့ဘက်က နှုတ်ဆိတ်နေမည် ဆိုပါက ပါကစ္စတန်သည် ဘာလို့ချ် အမျိုးသားရေးလှုပ်ရှားမှုကို နှိပ်ကွပ်ရန် ဖိနှိပ်မှုနည်းလမ်းစုံကို အသုံးပြုရန် ဝန်လေးနေလိမ့်မည် မဟုတ်ဟု ၎င်းက ပြောခဲ့သည်။

ယင်းအတွက်ကြောင့် ဘာလိုချီစတန်ရှိ ပါကစ္စတန်၏ ရက်စက်ယုတ်မာမှုများကို ထုတ်ဖော်ရန် မိမိတို့ ဤနေရာတွင် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly