ဘားအံမြို့နယ်တွင် ဗုံးခိုကျင်းထဲ အောက်ဆီဂျင်ပြတ်ပြီး မိသားစုဝင် ၄ ဦး သေဆုံး

ဘားအံမြို့နယ်တွင် ဗုံးခိုကျင်းထဲ အောက်ဆီဂျင်ပြတ်ပြီး မိသားစုဝင် ၄ ဦး သေဆုံး

အောက်တိုဘာ ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ရင်းအောက်ကျေးရွာအုပ်စု စိမ့်ပိုင်းကျေးရွာ(ကနစိုးကုန်း) တွင် နေထိုင်သည် မိသားစုဝင်လေးဦးသည် ဗုံးခိုကျင်းထဲက ပစ္စည်းများကို သယ်ထုတ်ယူနေစဉ် အောက်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးသွားကြောင်း ကျေးရွာဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ သေဆုံးသူ လေးဦး၏ ရုပ်အလောင်းများကို ရွာခံများက ယနေ့ အောက်တိုဘာလ ၉ ရက်နံနက် ကိုးနာရီအချိန်ခန့်တွင် ဗုံးခိုကျင်းအတွင်း တွေ့ရှိခဲ့ကြခြင်းဖြစ်ပြီး အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခြင်းဖြစ်ကြောင်း ဆရာဝန်က မှတ်ချက်ပေးသည်ဟု ဒေသခံများက ပြောသည်။

“ခြင်ဆေးဖြန်းထားပြီး ပစ္စည်းတွေ ဝင်ယူတယ်လို့ပဲ သိရတယ်။ ဒါပေမဲ့ ခြင်ဆေးဖျန်းထားတဲ့ အနံတော့ ရသေးတယ် ဆိုတော့ သေဆုံးချိန်နဲ့ ရွာသားတွေ သိတဲ့ အချိန်နဲ့ဆို သိပ်မကြာသေးဘူးလို့ ထင်ပါတယ်။ ဆရာဝန်ကတော့ အောက်ဆီဂျင် ပြတ်ပြီးသေတာလို့ မှတ်ချက်ပေးသွားတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသွားသူများမှာ ဒေါ်တင်လှလှိုင် ( ၆၃ နှစ်) ၊ နော်မြစိန် (၃၉ နှစ်) ၊ နော်တင်လှမွှေး (၃၃ နှစ်)နှင့် နော်အေးစံပယ်( ၃၀ နှစ်)တို့ ဖြစ်သည်။

သေဆုံးမှုဖြစ်ပွားခဲ့သည့် ဗုံးခိုကျင်းသည် အဝင်အထွက်အပေါက် အကျယ် နှစ်ပေ၊ အနက် ခြောက်ပေနှင့် အကျယ် ၁၄ ပေရှိပြီး ကျင်းထဲတွင် ခြင်ဆေး‌ခွေ ဖျန်းထားသည့် အနံ့များ ရရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ဒေသခံများအနေဖြင့် ကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ဒဏ်ကြောင့် အိမ်မီးလောင်ပါက ပစ္စည်းများ မီးလောင်သည့်အထဲ မပါသွား‌စေရန် ဗုံးခိုကျင်းထဲတွင် ထည့်သိမ်းကြလေ့ရှိပြီး သေနတ်သံများ ကြားမှသာ ကျင်းထဲသွားပုန်းကြလေ့ရှိကြောင်း ဒေသခံက ဆိုသည်။

“တချို့က အိမ်အောက်မှာ တူးထားကြတယ်။ လက်နက်ကြီးဒဏ်ကြောင့် အိမ်မီးလောင်ရင် ပစ္စည်းတွေ မပါသွားအောင် အဲလိုပဲ ထားကြတယ်လေ။ အိပ်တာတော့ အိမ်မှာအိပ်ကြတယ်” ဟု ဒေသခံက တစ်ဦးက ဆိုသည်။

လက်ရှိတွင် သေဆုံးသူ လေးဦး၏ ရုပ်အလောင်းကို ဘားအံမြို့ ဆေးရုံသို့ လူမှုကူညီကယ်ဆယ်ရေး နာရေးကားဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required