အိန္ဒိယတွင် နေထိုင်သည့် အာဖဂန်ဝန်ကြီးချုပ်ဟောင်း ပါကစ္စတန်မှတစ်ဆင့် ကဘူးလ်မြို့တော်တို့ ပြန်သွား

အိန္ဒိယတွင် နေထိုင်သည့် အာဖဂန်ဝန်ကြီးချုပ်ဟောင်း ပါကစ္စတန်မှတစ်ဆင့် ကဘူးလ်မြို့တော်တို့ ပြန်သွား

အိနိ္ဒယတွင် အခြေချနေထိုင်သည့် အာဖဂန်နစ္စတန်ဝန်ကြီးချုပ် အာမက်ရှာဟာ အာမက်ဇိုင်းသည် ကျန်းမာရေးအကြောင်းကြောင့် ပါကစ္စတန်မှတစ်ဆင့် ကဘူးလ်မြို့သို့ သွားရောက်ခဲ့သည်။ သူသည် သမ္မတဘာဟာနွတ်ဒင် ရက်ဘန်နီ လက်ထက် ၁၉၉၅-၁၉၉၆ ခုနှစ် မူဂျာဟစ်ခေတ်တွင် အာဖဂန်နစ္စတန်၏ ယာယီဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ တာလီဘန်တို့က ၁၉၉၆ ခုနှစ်တွင် ကဘူးလ်မြို့ကို သိမ်းပိုက်ပြီးနောက် အာမက်ဇိုင်းသည် နိုင်ငံတွင်းမှ ထွက်ခွာခဲ့ကာ တာလီဘန်တို့ ကျဆုံးခဲ့သည့် ၂၀၀၁ ခုနှစ်အထိ ပြည်ပတွင် နေထိုင်ခဲ့သည်။

သားဖြစ်သူ မူဆာ အာမက်ဇိုင်းက ၎င်း၏ ဖခင်သည် ဝါဂါနယ်စပ်မှ ထွက်ခွာကာ ပါကစ္စတန်မှတစ်ဆင့် အာဖဂန်နစ္စတန်သို့ ရောက်ရှိမည်ဟု အတည်ပြုခဲ့သည်။ ၎င်း၏ ဖခင်အခြေအနေကိုလည်း ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်သို့ ဝင်ရောက်ရန် ၎င်းတို့က တော်ခမ်နယ်စပ်ကို အသုံးပြုလိမ့်မည်ဖြစ်သည်။

အာမက်ဇိုင်းသည် ၁၉၉၂ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း အာဖဂန်အစိုးရတွင် ရာထူးအဆင့်အမျိုးမျိုး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ကွန်မြူနစ်ခေတ်နောက်ပိုင်း အာဖဂန်နစ္စတန်တွင် အာမက်ဇိုင်းသည် သမ္မတ ဘာဟာနွတ်ဒင် ရက်ဘန်နီနှင့် နီးစပ်သူတစ်ဦး ဖြစ်ခဲ့သည်။

၎င်းအတွက် ဝါဂမှတစ်ဆင့် ခရီးသွားဗီဇာကို အိန္ဒိယက ထုတ်ပေးခဲ့သလို ပါကစ္စတန်ကလည်း ဖြတ်သန်းခွင့် ဗီဇာကို ခွင့်ပြုပေးခဲ့သည်။ အာမက်ဇိုင်းနှင့် သူ့သားတို့အတွက် ဖြတ်သန်းခွင့်ဗီဇာကို တာလီဘန်ပညာရေးဒုဝန်ကြီးက ပါကစ္စတန်အစိုးရထံ မေတ္တာရပ်ခံ တောင်းဆိုခဲ့ခြင်းသည် စိတ်ဝင်စားစရာ ကောင်းနေသည်။ အာဖဂန်နစ္စတန်သို့ ခရီးသွားလာရေးမှာ ခက်ခဲပြီး လေကြောင်းခရီးစဉ်များ အပြည့်အဝ ပြန်လည်မစတင်နိုင်သေးပေ။ အိန္ဒိယတွင် နေထိုင်သည့် အာဖဂန်များအတွက် အလွယ်ကူဆုံး လမ်းကြောင်းမှာ ပါကစ္စတန်မှတစ်ဆင့် ကုန်းလမ်းဖြင့် သွားရောက်ခြင်း ဖြစ်သည်။

နယူးဒေလီမြို့ရှိ ပါကစ္စတန်မင်းကြီးရုံးက အာဖဂန်နစ္စတန်နိုင်ငံသားများအတွက် ဖြတ်သန်းခွင့်ဗီဇာကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထုတ်ပေးခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံသားများအတွက် ဖြတ်သန်းခွင့်ဗီဇာ ၂၀ မှ ၅၀ အထိကို နယူးဒေလီမြို့တွင် ထုတ်ပေးခဲ့သည်။

တာလီဘန်တို့က မြို့တော်ကဘူးလ်ကို ဩဂုတ် ၁၅ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် အသက်အန္တရာယ်စိုးရိမ်သော အာဖဂန်နိုင်ငံသားအများအပြားသည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့သည်။ ဟိန္ဒူနှင့် ဆစ်ခ်အစရှိသည့် လူနည်းစုအများဆုံးပါဝင်သော အာဖဂန်နိုင်ငံသား ၂၀၀ ကျော်သည် အိန္ဒိယသို့ ရောက်ရှိခဲ့ကြသည်။ ၎င်းတို့အနက် အာဖဂန်ဆစ်ခ်လူမျိုး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးလည်း ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required