မအောင်မြင်သော စစ်အာဏာသိမ်းမှု အကျိုးဆက်များမှ ပြန်လည်ထူထောင်နိုင်ရေး သုညအဆင့်မှ ပြန်လည်စတင်ရမည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ပြော

မအောင်မြင်သော စစ်အာဏာသိမ်းမှု အကျိုးဆက်များမှ ပြန်လည်ထူထောင်နိုင်ရေး သုညအဆင့်မှ ပြန်လည်စတင်ရမည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ပြော

အောက်တိုဘာ ၉

မြန်မာပြည်သူများသည် မအောင်မြင်သော စစ်အာဏာသိမ်းမှုနှင့် လူမဆန်သောလုပ်ရပ်များ၏ အကျိုးဆက်များမှ ပြန်လည်ထူထောင်နိုင်ရေးအတွက် သုညအဆင့်မှ ပြန်လည်စတင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာလ ၈ ရက်နေ့တွင် ပြောကြားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်မှ ၈ ရက်အထိ ပြုလုပ်ခဲ့သည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး)၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုဆိုင်ရာ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါနှင့် ဆက်နွယ်သည့် အကျပ်အတည်းများနှင့် ရာသီဥတုပြောင်းလဲမှုနှစ်ခုလုံးသည် နိုင်ငံများစွာအတွက် အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်လာပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်ပျှမ်းမျှ GDP တိုးတက်နှုန်းသည် ခြောက်ဒသမနှစ် ရာခိုင်နှုန်း ( ၆.၂ %) ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် COVID -19 ကပ်ရောဂါသည် မြန်မာ့စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်စေသည့်တိုင် ရွေးကောက်ခံအစိုးရသည် မှန်ကန်သော လူမှုဘ၀ ကယ်ဆယ်ရေး မူဝါဒများနှင့် လူ့အသက်ကို ကာကွယ်ရင်း တိုးတက်မှုနှုန်း သုံးဒသမသုံး ရာခိုင်နှုန်း (၃.၃ %) ကို ထိန်းထားနိုင်ခဲ့ပြီး မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနိုင်ငံများ စာရင်းမှ ကင်းလွတ်နိုင်သည့် အရည်အချင်းများ ပြည်မီရန် လမ်းကြောင်းမှန်ပေါ်တွင် ရှိနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP သည် ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဖြစ်ဟုလည်း ခန့်မှန်းထားသည်။

ဆက်လက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော တရားမဝင် စစ်အာဏာသိမ်းမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးရှု့ထောင့်များအပေါ် ဆိုးကျိုးသက်ရောက်ကာ ကပ်ဆိုးတစ်ခု အသွင်ဖြစ်ခဲ့ပါသည်ဟုလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ ထုတ်ပြန်ချက်များအရ စစ်အာဏာသိမ်းမှုနှင့် COVID-19 ကပ်ရောဂါတို့၏ ရိုက်ခတ်မှုများသည် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးဖြစ်သည့် လူဦးရေ ၂၅ သန်းခန့်ကို ၂၀၂၂ခုနှစ် အစောပိုင်းတွင် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်ရှိစေမည်ဖြစ်သည်။

တာဝန်ခံမှုမရှိသော စစ်ခေါင်းဆောင်များက တရားမဝင်အာဏာသိမ်းမှုဖြင့် အာဏာရယူရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံမျိုးတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုတို့ ဖျက်ဆီးခံလိုက်ရသည့်အတွက် တရားဝင်မှုနှင့် ကောင်းမွန်သောအုပ်ချုပ်မှုကို မတည်ဆောင်နိုင်ပါကြောင်း၊ ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ရေရှည်တည့်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ကို မည်သည့်အခါမှ ရောက်ရှိလိမ့်မည် မဟုတ်ကြောင်းလည်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံများက ကုလသမဂ္ဂ၏ ရေရှည်တည်တံခိုင်မြဲသော ဖွံ့ဖြိုးရေးအစီအစဉ် (၂၀၃၀ ) အတွက် တိုးတက်မှုများကို အရှိန်မြင့် ဆောင်ရွက်လျက်ရှိသော်လည်း မြန်မာပြည်သူများသည် ပြန်လည်ထူထောင်နိုင်ရန်အတွက် သုညအဆင့်မှ ပြန်လည်စတင်ရလိမ့်မည် ဖြစ်ကြောင်း၎င်းက ဆိုသည်။

ဒါ့အပြင် မြန်မာပြည်သူများအနေဖြင့် ယခုကြုံတွေ့နေရသည့် ဆိုးရွားသည့် ကပ်ဘေးကြီးကို အဆုံးသတ်ပြီး ပိုမိုကောင်းမွန်သည့် ငြိမ်းချမ်းပြီး တရားမျှတသော အားလုံးပါဝင်သည့် လူသားအဖွဲ့အစည်းကို ကုလသမဂ္ဂ၏ (၂၀၃၀ ) ဖွံ့ဖြိုးရေး အစီအစဉ်နှင့်အညီ ပြန်လည်တည်ထောင်သွားရန်ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားကြောင်း ကုလမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required