လျှပ်စစ်ဓာတ်အား ကျသင့်ငွေများပေးချေရန် တာလီဘန်တို့ တုံ့ဆိုင်းနေခြင်းနှင့်အတူ အာဖဂန်နစ္စတန် ကဘူးလ်မြို့၌ မီးပြတ်မှုနှင့် ကြုံရနိုင်

လျှပ်စစ်ဓာတ်အား ကျသင့်ငွေများပေးချေရန် တာလီဘန်တို့ တုံ့ဆိုင်းနေခြင်းနှင့်အတူ အာဖဂန်နစ္စတန် ကဘူးလ်မြို့၌ မီးပြတ်မှုနှင့် ကြုံရနိုင်

ပြင်းထန်ဆောင်းဥတုကာလ မတိုင်မီ အာဖဂန်နစ္စတန်၏ မြို့တော် ကဘူးလ်သည် လျှပ်စစ်မီးပြတ်တောက်ပြီး အမှောင်ထုထဲ ကျရောက်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အကြောင်းမှာ ယင်းနိုင်ငံ၏ အုပ်ချုပ်သူသစ် တာလီဘန်တို့က ဗဟိုအာရှမှ လျှပ်စစ်ဓာတ်အား ပေးသွင်းတင်ပို့သူများထံ ပေးချေရမည့် ကျသင့်ငွေများကို ပေးချေရန် တုံ့ဆိုင်းနေခြင်းကြောင့် ဖြစ်သည်။

အခြေအနေသည် လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခတစ်ခုကို ဖြစ်စေနိုင်သည်ဟု ယင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဆိုင်ရာ အာဏာပိုင်အဖွဲ့ Da Afghanistan Breshna Sherkat (DABS) ၏ အမှုဆောင်အရာရှိချုပ်အဖြစ်မှ နုတ်ထွက်ထားခဲ့သည့် ဒေါ့ဒ် နိုဇိုင်က ပြောကြောင်း ဝေါစထရိဂျာနယ် (WSJ) က ဖော်ပြသည်။

နိုဇိုင်သည် ယင်းနိုင်ငံတွင် သြဂုတ် ၁၅ ရက်က တာလီဘန်တို့ သိမ်းပိုက်ထိန်းချူပ်ပြီးနောက် နှစ်ပတ်နီးပါးအကြာတွင် ရာထူးမှ နုတ်ထွက်ထားခဲ့သည်။ ၎င်းသည် လက်ရှိအချိန်တွင် DABS အရာရှိများနှင့် နီးကပ်သည့် ဆက်ဆံရေးတစ်ခု ဆက်ရှိနေဆဲ ဖြစ်သည်။

“အကျိုးဆက်တွေက နိုင်ငံတဝန်းလုံးအပေါ် သက်ရောက်နိုင်ပါတယ်၊ ဒါပေမယ့် ကဘူးလ်မြို့ကတော့ အဓိက သက်ရောက်ပါလိမ့်မယ်၊ မီးပြတ်တာ ဖြစ်လာပါလိမ့်မယ်၊ ဒါက အာဖဂန်နစ္စတန်ကို လျှပ်စစ်နဲ့ တယ်လီကွန်မြူနစ်‌ကေးရှင်းပိုင်းနဲ့ပတ်သက်လို့ အရင်က အမှောင်ခေတ်ဆီ ပြန်ရောက်သွားစေပါလိမ့်မယ်” ဟု နိုဇိုင်က ပြောသည်။ “ဒါက တကယ့်ကို အန္တရာယ်ကြီးတဲ့ အခြေအနေတစ်ခု ဖြစ်ပါလိမ့်မယ်” 

အာဖဂန်နစ္စတန်၏ ဓာတ်အားသုံးစွဲမှု၏ ထက်ဝက်ခန့်အတွက်ကို ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မန်နစ္စတန် ကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ်ဓာတ်အားဝယ်ယူတင်သွင်းပြီး အသုံးပြုနေရခြင်း ဖြစ်သည်။

ယခုနှစ် မိုးခေါင်မှုကြောင့်လည်း ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပေါ် ထိခိုက်ထားစေခဲ့သည်ဟုလည်း WSJ က ဖော်ပြသည်။ သတင်းတစ်ပုဒ်အရ အာဖဂန်နစ္စတန်တွင် အမျိုးသားဓာတ်အားကွန်ရက်စနစ်တစ်ခုလည်း မရှိသလို ကဘူးလ်သည် ဗဟိုအာရှမှ တင်သွင်းသည့် လျှပ်စစ်ဓာတ်အားပေါ် လုံးလုံးလျားလျားနီးပါး မှီခိုအားပြုနေရသည်ဟု သိရသည်။

ပုံမှန်အခြေအနေအတိုင်းဆိုလျင် တာလီဘန်တို့က ဗဟိုအာရှမှ လျှပ်စစ်ပို့လွှတ်သည့် ဓာတ်အားလိုင်းများကို မတိုက်ခိုက်တော့သည့်အတွက် ကဘူးလ်၌ ဓာတ်အား လုံလုံလောက်လောက် ရရှိနေမည် ဖြစ်သည်။ သို့သော် အကယ်၍ ဗဟိုအာရှမှ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးသွင်းသူများက တာလီဘန်တို့နှင့်အကြား ဆက်ဆံရေး ယိုယွင်းကျဆင်းလာနေပြီး ကျသင့်ငွေ မပေးချေမှုအတွက် DABS နှင့် အဆက်ဖြတ်ရန် ဆုံးဖြတ်မည်ပါက အရာအားလုံးသည် အပြောင်းအလဲ ဖြစ်သွားနိုင်မည် ဖြစ်သည်။

ကုလသမဂ္ဂ အေဂျင်စီတစ်ချို့နှင့် အခြားသော ကမ္ဘာ့အဖွဲ့အစည်းများက အာဖဂန်နစ္စတန်ရှိ သေရေးရှင်ရေးတမျှ ဖြစ်နေသည့် စီးပွားရေး အခြေအနေနှင့်ပတ်သက်ပြီး အလွန်တရာ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားကြသည်။ ယင်းအခြေအနေက ပေါ်ထွက်လာနေသည့် လူသားချင်းစာနာမှုအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေရန် ရှိသည်။

အာဖဂန်နစ္စတန်သည် “ကြီးလေးသော လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရသလို လူမှု-စီးပွား ပြိုလဲမှု ဖြစ်မည့်ကိန်း ကြုံနေရ” ပြီး ယင်းက ဒေသနှင့် နိုင်ငံတကာ လုံခြုံရေးအတွက် အန္တရာယ်ရှိစေနိုင်ကြောင်း အီးယူ၏ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဂျိုးဆက် ဘောရဲလ်က အောက်တိုဘာ ၃ ရက်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly