ရခိုင်တွင် ကျောင်းများ ပြန်ဖွင့်နိုင်ရေးအတွက် ၁၂နှစ် အထက်ကျောင်းသူ/သားများအား ကာကွယ်ဆေးထိုးမည်

By သတင်းနှင့် မီဒီယာကွန်ရက်
09 October 2021
ရခိုင်တွင် ကျောင်းများ ပြန်ဖွင့်နိုင်ရေးအတွက် ၁၂နှစ် အထက်ကျောင်းသူ/သားများအား ကာကွယ်ဆေးထိုးမည်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၉ ရက်။

ရခိုင်ပြည်နယ်အတွင်း အသက် ၁၂ နှစ် အထက်ကျောင်းသူ/သားများကို အောက်တိုဘာလ ဒုတိယအပတ် အတွင်း တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေကြောင်း အောက်တိုဘာ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်စစ်ကောင်စီက ပြောသည်။

ယခု ရက်ပိုင်းအတွင်း ရောက်ရှိလာမည့် ကာကွယ်ဆေးများကို အောက်တိုဘာ ၁၆ ရက်ခန့်တွင် ထိုးနှံပေးသွား မည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ် အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ/သား ၂ သိန်း ခန့်ကို စိတ်ချလက်ချ စာသင်ကြားနိုင်ရေးအတွက် ထိုးနှံပေးသွားမည်ဟု ၎င်းကပြောသည်။

ထိုသို့ ကာကွယ်ဆေးထိုးပေးမည့် စာရင်းထဲတွင် အစိုးရစာသင်ကျောင်းများအပြင် ပုဂ္ဂလိကကျောင်းများ၊ ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများလည်း ပါဝင် သည်ဟု ဦးလှသိန်းကပြောသည်။

“ကလေးတွေကို ဆေးနှစ်ကြိမ်ထိုးပြီးရင် ကျောင်းတွေပြန်ဖွင့်ပေးမယ်လို့ ကြားသိထားတယ်“ ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က ပြောသည်။

ကျောင်းသားသူငယ်များအတွက် အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးရန် ဆန္ဒရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။

တရုတ်ဆေးဖြစ်စေ၊ အိန္ဒိယနှင့် အခြားမည်သည့်နိုင်ငံက ဆေးဖြစ်စေ အန္တရယ်မရှိလျှင် ထိုးမည်ဖြစ်ကြောင်း စစ်တွေ မြို့ အိုးတန်းရပ်မှ အထက်တန်း ကျောင်းသား မိဘတစ်ဦးဖြစ်သည့် ဒေါ်ကြည်ကြည်အေး က ပြောသည်။

သို့သော် ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်ကြည်ကြည်အေးက “တကယ်လို့ ကာကွယ်ဆေးတွေ ထိုးပြီးလို့ ကျောင်းတွေပြန်ဖွင့်ပေးရင် အတန်းကြီးသမားတွေ စုမိပြီး ဆန္ဒပြ တာမျိုးတွေ ဘာတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်တယ်” ဟု သူမ၏ စိုးရိမ်မှုကို ပြောသည်။

ရခိုင်ပြည်နယ်တွင် အလယ်တန်းကျောင်းသူ/သား စုစုပေါင်း ၁၅၄၃၇၂ ဦးရှိပြီး အထက်တန်းကျောင်းသူ/သား စုစုပေါင်း ၄၁၁၇၂ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်း၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါစတင် ဖြစ်ပွားမှုများကြောင့် ရခိုင်ပြည် နယ်အပါအဝင် အခြားသောတိုင်းနှင့်ပြည်နယ်အသီးသီးက စာသင် ကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ရ ပြီးနောက် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၉ ရက်နေ့မှ ယနေ့အချိန်ထိ စာသင် ကျောင်းများကို ယာယီပိတ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly