မန္တလေးမြို့ပေါ်က သေနတ်ပစ်ခတ်သံများ

08 October 2021
မန္တလေးမြို့ပေါ်က သေနတ်ပစ်ခတ်သံများ

မန္တလေးတွင် ယနေ့ညဦးပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့မှစပြီး စစ်ကောင်စီလက်နက်ကိုင်များက သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် အများ ပြည်သူစိုးရိမ်ထိတ်လန့်မှုတို့ဖြစ်ခဲ့သည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဗုံးကွဲတာကနေစတာပါ၊ အဲဒီမှာဟိုကောင်တွေ (စစ်ကောင်စီတပ်များ) ရောက်လာပြီး ရပ်ကွက်ထဲရမ်းသန်းပစ်ကြတော့တာပဲ၊ နောက်တော့ ၆၂ လမ်းပေါ်တက်သွားပြီး အဲဒီမှာ ဆက်ပစ်တယ်၊ လမ်းသွားလမ်းလာတွေကိုတားပြီးစစ်တယ်၊ တချို့ရိုက်နှက်ခံရတာတွေရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ နဒီမြန်မာဆေးရုံတောင်ဘက် မဟာမြိုင်ရပ်ကွက် ဒေသခံတို့ကဘုန်းကြီးရွာဟုခေါ်ကြသည့်ရပ်ကွက်မှရပ်ကွက်အုပ် ချုပ်ရေးမှူးဦးဖိုးကျော်ဆိုသူ၏နေအိမ်ကို ယနေ့ညဦးပိုင်းက ဗုံးဖြင့်ပစ်ပေါက်ခံရပြီးနောက်မကြာမီတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ရောက်လာပြီး ပစ်ခတ်မှုတို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါပေါက်ကွဲပစ်ခတ်မှုကို မန္တလေးမြို့နေရာတော်တော်များများကကြားလိုက်ရပြီး၊ ထို့နောက်ပိုင်းတွင်လည်း မဟာအောင်မြေမြို့နယ်နှင့်ချမ်းအေးသာစံမြို့နယ်တို့တွင် ပေါက်ကွဲမှု တချို့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

လက်ရှိတွင် ရွှေဘုန်းရှိန်ရပ်ကွက်ကို စစ်ကောင်စီလက်နက်ကိုင်များက အဝင်အထွက်ပိတ်ဆို့ထားလိုက်ပြီး ၆၂ လမ်းတလျှောက်ကိုလည်း တားဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly